Po Than Ludu - Once upon a Thagyan

အတာလက်ဆောင် ရတုန်းက
ဖိုးသံ(လူထု)
ဧပြီ ၁၆၊ ၂၀၁၁
တခုသော အတာတန်ခူးမှာပ
ရဖူးတယ် နှမတဦးဆီက
ပဏ္ဍာထူး၊ သဒ္ဒါလူးပေတဲ့
အခါဦး သင်္ကြန်တေးနှစ်ပုဒ်ရယ်နဲ့
ခနဲ့တဲ့တဲ့ စာတကြောင်းပါ။

မြူမှောင်ဝေကင်းနဲ့
သင်္ကြန်လေညှင်း လုလင် တဲ့
အနွဲ့အနော့နဲ့ အတွဲ့အဆော့တွေကို
တလှည့်တကျော့ နားထောင်တော့
ကြားယောင်မယ် မန်းအတာကိုမို့
မှန်းကာ အကိုမျက်ရည်စို့ရင်ဖြင့်
နှမကို အပြစ်မဆိုလေနဲ့တဲ့
ရေးတတ်ပေရဲ့ပလီပလာ။

ခမျာပြောလေမှ
ဇရာအမောတွေနဲ့
ဝါသနာဇောတွေကို ဘေးချပြီး
မန္တလာတကြောဆီကို အာရုံရောက်ကာ
ပိတောက်ပန်းနဲ့ တူးပို့ကို လိုက်လို့ရှာတော့
အော် တွေ့ပါပေါ့ ကိုမြို့မ
သင်္ဂဟနဲ့ နဂါးမယ်
ပတ္တမြားသူဇာနဲ့ ရေနန်း
တလကြမ်းပက်သူတွေ ပေါင်းလို့
ဘော်ဒါဟောင်း မိတ်ဆွေများက
ငွေဖလားတွေပိုက်ပြီး ပြေးလို့လာ
ဟုတ်တယ်
ဒီနှစ်မှာလည်း ကြိုဆိုပါရဲ့။

တသက်မမေ့တဲ့အတိတ်ဟာ
မထိတ်သာမလန့်သာပြန်ပေါ်လာတော့
ကွန်ပျူတာမော့နေသူ ပြည်ပရောက်ဟာ
ဘာက ဘယ်လိုပေါက်တယ် မဆိုနိုင်ဘု
အသက်မထောက်ပါ ယောင်မိ ယမ်းပါလို့
အရှက်ပျောက်ကာ ကြောင်စီစီတမ်းတယ်ထင့်
နှမရေ ပက်နဲ့နော်၊ ပက်နဲ့နော် တဲ့၊၊

Comments