Nyein Chan Aye - Stories behind Sai Khan Lake Songs


 စိုင်းခမ်းလိတ် ရဲ့ သီချင်းစာသားများ နောက်ကွယ်
ကောက်နှုတ်တင်ပြသူ - ငြိမ်းချမ်းအေး၊ ဒီဇင်ဘာ ၂၊ ၂၀၁၂
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ ရက်နေ့ ရန်ကုန်မြို့၊  ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း "တော်ဝင်နှင်းဆီ" ခန်းမ မှာ ကျင်းပ ပြုလုပ်တဲ့ "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းအခမ်းအနား" မှာ "ဒေါက်တာ စိုင်းခမ်းလိတ်(စတီရီယိုခေတ်ဦး ဗမာ့ကိုယ်ပိုင်သံစဉ် တေးပြု ရှမ်းစာဆို) ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက သီချင်းနောက်ကြောင်း ရာဇဝင်များကို ပြန်လည် ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ 
မူရင်း မိန့်ခွန်းကို လူအများ ဖတ်ပြီးသား ဖြစ်မှာပါ။ သီချင်း သမိုင်းရာဇဝင် အကြောင်းအရာတူ စု၊ Layout ပြောင်းပြီး ကောက်နှုတ်တင်ပြသူ စာရေးသူ ရဲ့ ကိုယ်ပိုင်အာဘော်မှတ်ချက်တချို့ထည့်ကာ မဖတ်ရသေးသူများ ဖတ်ဖြစ်အောင် ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။
ကောက်နှုတ်တင်ပြသူ ရဲ့ကိုယ်ပိုင်အာဘော်မှတ်ချက် ဟာ ဆရာစိုင်းခမ်းလိတ် ရဲ့ မူရင်း မိန့်ခွန်း အာဘော်နဲ့ လုံးဝမသက်ဆိုင်ဘဲ စာရေးသူ(ငြိမ်းချမ်းအေး) ရဲ့ ကိုယ်ပိုင် အမြင်သာ ဖြစ်ကြောင်းလည်း ဒီစာစု ဖတ်ဖြစ်သူ မိုးမခ စာဖတ်ပရိသတ်များ သတိပြုစေလိုပါတယ်။ ဆရာ 'စိုင်းခမ်းလိတ်' မိန့်ခွန်း ကို သူရဲ့ မိသားစု ဖွင့်ထားတဲ့ "Dr. Sai Kham Leik's Facebook Page" မှ ကိုးကားရယူပါတယ်။
စိုင်းခမ်းလိတ် ကိုယ်ပိုင်သံစဉ်သီချင်းများ စတင်ရေးဖြစ်လာပုံ
ရှမ်းထုံးစံအရ ၀ါတွင်းအဖိတ်နေ့မှာ ရှမ်းလူငယ်မောင်မယ်တွေ ဘုန်းကြီးကျောင်းကိုလာပြီး ဘုန်းကြီးတွေအတွက် ခဲဖွယ်၊ ရေနွေး၊ တရားနာမယ့် လူတွေအတွက် ရေနွးကြမ်း၊ အကြော်၊ဥပုသ်နေ့မှာဘုရားဆွမ်းတော်ကပ်ဖို့၊ ဘုန်းကြီးအာရုံဆွမ်း၊ ရေနွေး၊ ကော်ဖီ ၊ နေ့ဆွမ်း ၊ အသီးဖျော်ရည်များ၊တရားနာသူတွေအတွက် နံနက်စာ၊ နေ့လည်စာ ပြင်ဆင်ပြီးကျောင်းဝင်းသန့်ရှင်းရေးစတဲ့ ဝေယျာဝစ္စတွေ လုပ်ကြရပါတယ်။
ပြောချင်တာက အဖိတ်နေ့ည ရှစ်နာရီ/ကိုးနာရီ.. ရေနွေးအိုး/ဟင်းအိုးတည်ရင်း စောင့်ရင်း ဂီတာတီးတတ်သူတွေ (ညီ“စိုင်းခမ်းသီ” အပါအ၀င်) ကဂီတာတီးပြီး ရှမ်းသီချင်းတီးကြဆို ကြတာပေါ့လေ။ တနေ့လာလည်း ဒီသီချင်း (၂)ပုဒ်/ (၃)ပုဒ်၊ တနေ့လာလည်း (၂)ပုဒ်/ (၃) ပုဒ်နဲ့ ဆိုတော့ ခေါင်းဆောင် 'စိုင်းအုံးမြင့်' ကို ကပ်ပြီး
"ငါတို့ရှမ်းသီချင်းဒါပဲရှိတာလား" ဆိုတော့ 
"ဟုတ်တယ်..၊ တခြားဟာတွေ.. ရှမ်းနားနဲ့မကိုက်တော့ မကြိုက်ကြဘူး"လို့ဆိုတယ်။ 
ဒီမှာပဲ ကျွန်တော်ကတော့မပူပါဘူး။ St. Albert တုန်းကကြားဖူးခဲ့တဲ့ ကမ္ဘာကျော် “Beatles” ရဲ့ သီချင်းတွေရှိသားပဲ..၊ အဲဒီ.. tuneယူပြီး ရှမ်းစာသားသွင်းလိုက်ရင်.. ရှမ်းလည်း ဘာသားနဲ့ ထုထားတာမို့လို့လဲ … ကမ္ဘာကြိုက် သီချင်းတွေ  ကြိုက်ရမှာပဲပေါ့။ ဒါပေမယ့် တကမ္ဘာလုံးကြိုက်တဲ့သီချင်းတွေဟာ ရှမ်းနားနဲ့ကျ မကိုက်ဖူး ဖြစ်နေတော့ တပုဒ်ပြီး.. တပုဒ် ဘာသာပြန် နေတာ နှစ်ဝက်တောင်ကျော်ခဲ့ပြီ၊ အဲဒါနဲ့ Pentatonic scale နဲ့ သီချင်းစပ်ရင်း ပြင်ဆင်ရင်းနဲ့ ၁၉၆၈ ကျမှ ကိုယ့်စိတ်ထဲမှာရှမ်းကြိုက်နိုင်တဲ့ စာသားနဲ့ သီချင်းပုံစံကိုရတော့တယ်။
ဥပမာ သီချင်းများ-
(၁) "ရှမ်းစိတ်ဓာတ်ရှိကြပါ"
အဲဒီသီချင်းကတော့ 
“တို့ရှမ်းအ၀တ်အစားကိုဝတ်ပါ ဘာလို့လဲဆိုရင်တို့ကရှမ်းမဟုတ်လား..”၊
“တို့ရှမ်းစကားကို ပြောပါဘာလို့လဲဆိုရင် တို့ကရှမ်းမဟုတ်လား”  
စတဲ့ စာသား တွေပါတဲ့ "ရှမ်းစိတ်ဓာတ်ရှိကြပါ" ဆိုတဲ့သီချင်းပါပဲ....။ 
ထင်မှတ်တဲ့အတိုင်းပါပဲ..ရှမ်းတွေကြိုက်လာတော့လည်း အဲဒီလိုပုံစံ သီချင်း တော်တော် များများ  ရေးခဲ့ပါတယ်။
(၂) "မီးရှုးခံ သီချင်းသစ်"
ရှမ်းမှာထူးခြားတဲ့အဖြစ် အပျက်တခုခုကိုရည်စူးပြီး (သို့) အောင်ပွဲခံခြင်းတခုခုကို ရည်မှန်းပြီး Carol Singing လို ဆို ထွက် အလှူခံလေ့ ရှိခဲ့ဖူး ပါတယ်။  အဲဒီလိုပွဲမျိုးတွေ ပျောက်ကွယ်စပြုလာပြီမို့ တောင်ကြီးမှာ ပြန်စရင်ကောင်းမှာပဲဆိုပြီး အစ်ကိုကြီးစိုင်းတုံခမ်းက ခေါင်းဆောင်အစီအစဉ်လုပ်ပြီး ကျွန်တော်သီချင်းစပ် ဖြစ်သွားတာပါ။
(၃) ရှမ်းစာရေးထုံးကော်မရှင်အစည်းအဝေ (၁၉၆၉)
(၁၉၆၉)ခုနှစ်ကပေါ့ အဲဒီနှစ်မှာပဲ တောင်ကြီးမြို့မှာ ရှမ်းစာပေညီလာခံ ကျင်းပတော့ ကျွန်တော်ဟာ မန္တလေးတက္ကသိုလ်များ ကိုယ်စာလှယ်လေ့လာသူအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ သီချင်း နှစ်ပုဒ်/သုံးပုဒ် သီဆိုခဲ့ပါတယ်။
"တိုင်းပြည်လောက်ကြီးတဲ့.. ကျီကြီးရှိပေမယ့်.. ဆန်မရှိရင်ဘာလုပ်ရမှာလဲ.." ဆိုတဲ့ သီချင်းအဓိပ္ပာယ်က "အပြင်အကာအရံအလှအပတွေကိုပဲအလေးထားလုပ်ကြပေမယ့် အတွင်းကျတာတွေ ဘာမှ မထူထောင် မတည်ဆောက်ပေးရင် ဘာလုပ်ရမှာလဲ.." ဆိုတာပါပဲ။
(၄) "ရှမ်းမှတ်မိတယ်"
"တည်နေရာက တောထဲမျက်မည်း ဖြစ်နေတဲ့အချိန် မြင့်မားတဲ့ တောင်ကြီးတွေ လူမျက်စိနဲ့  မမြင်ရသေးတဲ့အချိန် သံလွင်မြစ်ကိုဘယ်သူမှ မဖြတ်ကျော်နိုင်သေးတဲ့အချိန်... အဲဒီအချိန်ကစပြီး ရှမ်းမှတ်မိတယ်..။
ဒို့.. အဖိုးအဖွားတွေရဲ့ အရိုးတွေလည်း ဖုန်မှုံ့ဖြစ်ခဲ့တယ်၊ ချွေးတွေသွေးတွေနဲ့လယ်ယာကိုကျွေးဖို့. ရေလုပ်ခဲ့တာပေါ့၊
ဆက်နွယ်ထားတဲ့အသက်ပေါင်းများစွာနဲ့.. မျိုးစေ့ချခဲ့တာပါ..၊
အဲဒီအချိန်ကစပြီး.. ရှမ်းမှတ်မိတယ်။
မြေကြီးဟာ စောလာသူတွေအတွက်ရှိနေသေးတဲ့အချိန်မှာ..
ဘယ်သူငြင်းနိုင်မှာလဲ..၊ 
ရှမ်းကအရင်ကျတယ်ဆိုတာ..၊
ရှမ်းမှတ်မိတယ်..ဖြစ်လာသမျှတွေ.. ရှမ်းမှတ်မိတယ်..။”
ရှမ်းပြည်တပြည်လုံးသာမက.. နိုင်ငံဝေးရောက်ရှမ်းတွေပါ.. နှစ်သက်တဲ့သီချင်းပါ။
(၅) ပင်လုံစာချုပ်
အဲဒီသီချင်းကို ရေးချင်နေတာ ကြာလှပါပြီ..။ နောက်ဆယ်နှစ်အကြာမှာခွဲထွက်ခွင့်ရလို့  ခွဲထွက် ချင်ရင် ပေါ့လေ ...။ 
အဲဒီအတွေးဟာတဘ၀လုံးကို လွှမ်းမိုးထားသလိုပါပဲ...။ ဘယ်လို ကောင်းအောင်၊ စိတ်ဝင်စားလာအောင် ရေးရမလဲဆိုတာ စဉ်းစာမရခဲ့ဘူး..။
ဒါပေမယ့်.. ထူးထူးခြားခြား.. ရှမ်းကာတွန်း တပုဒ်ကို တွေ့လိုက်ပြီး အတွေးရလာတာပါ။ အဲဒီကာတွန်းထဲမှာ ဗိုလ်ချုပ်ကြေးရုပ်ရဲ့အိပ်ထောင်ကို လူတယောက်က နှိုက်ပြီး "သေသေချာချာရှာကြည့်ပါဦး" လို့ နောက်တယောက် က ပြောနေတာပါ။
အဲဒါနဲ့ပဲ.. "ဆယ်နှစ်တောင်ကြာခဲ့ပါပြီ..။ ရှမ်းပြည်ကြီးလည်းပြန်မရသေးပါဘူး..။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်နဲ့ပါသွားပြီထင်တယ်..။ ဘယ်ရောက်သွားပြီလဲ.. ပင်လုံစာချုပ်ရယ်...။" လို့အဓိပ္ပာယ်ရတဲ့သီချင်းကိုရေးခဲ့ပါတယ်။ (၁၉၇၁) လောက်ကထင်ပါတယ်။
            "စာပေစီစစ်ရေး" ကခွင့်ပြုမှာမဟုတ်လို့ ယနေ့ထက်တိုင် ထုတ်ဖော်ပုံနှိပ်ခြင်း သီဆိုခြင်းမပြုခဲ့ရပါဘူး။ မိုးကုတ်မှာထင်တယ်။ တခါတော့.. ဆိုပြခဲ့ဖူးပြီး ..  ကျန်တဲ့သူတွေ ရသွား.. သီဆိုသွားကြတာပါ။ ရှမ်းပြည်က လူတွေ ရူးသွပ်ခဲ့တဲ့ သီချင်းပါပဲ။
(၆) တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ
ကောက်နှုတ်တင်ပြသူ ရဲ့ မှတ်ချက်:
ဆရာ စိုင်းခမ်းလိတ် မိန့်ခွန်းမှာ
သီချင်းနာမည်သာ ဥပမာ ပေးပြောပြီး အကြောင်းအရာ ထည့်ရှင်းမသွားပါ..။သီချင်းနားထောင်ဖူးသူ အားလုံးလည်း ခံစားသိမြင်တဲ့အတိုင်း "လှပတဲ့  ‘တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ’ မှာ ပြည်မက လူအများ မသိ၊ မမြင်၊ မခံစားနိုင်တဲ့ ချယ်ရီတွေ ယမ်းနံ့စွဲနေတဲ့ အဖြစ်အပျက် ကို ဖွင့်ဟ ပြထားတဲ့" သီချင်းပါ..။ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်.. ခြောက်ဆယ်နီးပါးက စွဲနေတဲ့  ယမ်းနံ့ ခုအချိန်ထိလည်း မပျောက်သေးပါ..။
ခု လောလောလတ်လတ်တင် တိုင်းပြည်ရဲ့ ဝမ်းဗိုက် အလယ်ဗဟို ခေါင်တည့်တည့် မြန်မာ (ဗမာ) တွေချည်း နေတဲ့ အရပ်မှာတောင်မီးခိုးဗုံးနံ့ စွဲခဲ့သေးတာ  "တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ" မှာလည်း ယမ်းနံ့ မပြယ်သေးတာ ထူးဆန်းတယ်လို့တော့ မဆိုနိုင်ပါ.။
ခုရေးနေရင်းနဲ့ နာဇီခေတ် ဂျာမဏီ မှာ နာဇီအာဏာရှင်ရဲ့ ဖိနှိပ်၊ ရက်စက်မှုတွေကို ဂျာမန် ပညာတတ် ဆိုသူတွေရဲ့ အသိ၊ အမှတ်မဲ့ လျစ်လျူရှုနေနိုင်ရက်မှု (Ignorance) ကို ဖော်ညွှန်းထားတဲ့ နာဇီဆန့်ကျင်ရေးသမား “Martin Niemöller” ရဲ့ ထင်ရှားတဲ့ “First they came...”  စကားစုလေးကိုလည်း သတိရမိပါတယ်..။
   "First they came for the communists,
    and I didn't speak out because I wasn't a communist.
    Then they came for the socialists,
    and I didn't speak out because I wasn't a socialist.
    Then they came for the trade unionists,
    and I didn't speak out because I wasn't a trade unionist.
    Then they came for me,
    and there was no one left to speak for me.”
ဗမာပြည်မှာလည်း လူများစု၊ လူနည်းစု၊ လူမျိုး/ ဘာသာတူ၊ လူမျိုး/ ဘာသာကွဲ အားလုံးကို ဖိနင်းထားတဲ့ စနစ်ဆိုးကြီး အန္တရာယ် နဲ့ အရိပ် စိုးမိုးလျက်ရှိနေဆဲဆိုတာကို လူအများ၊ အထူးသဖြင့် တိုင်းပြည်မှာ ရှေ့တန်းရောက်၊ လူတွင်ကျယ်၊ ပညာတတ်တယ် ဆိုတဲ့ လူတန်းစားများ
  “အပြောင်းအလဲတချို့ကြောင့် ငါတို့ အခြေအနေ ပိုကောင်းလာတယ်..၊ ဒါမှမဟုတ်၊ ငါတော့ မထိသေးဘူး ဆိုတဲ့ သဘော” အမှုမဲ့ မနေသင့်ဘဲ၊ 
“ငါတို့ အားလုံးကို စနစ်ဆိုးကြီးက ဖိနှိပ်၊ ချုပ်နှောင်လျက်ပါပဲလား..” ဆိုတဲ့ အသိတရား ခံစား၊ နားလည်၊ ရရှိ စေချင်ပါတယ်။ အပေါ်ရံ အသွင်အပြင် ပြောင်းကောင်း၊ ပြောင်းသွားပေမယ့် အတွင်းသဘော မပြောင်းတဲ့.. “ဘုံရန်သူ” ကို မျက်ခြေပြတ်၊ အလေးဂရုမပြု.. မနေသင့်ပါဘူး။ 
"တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ" ဟာ စိုင်းခမ်းလိတ် ရဲ့ ပထမဦးဆုံး ပင်ကိုယ်ရေး ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား (မြန်မာလို) တေးတပုဒ် အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ စိုင်းခမ်းလိတ် ရဲ့ ပထမဦးဆုံး ကိုယ်ပိုင်သံစဉ် က အကိုဖြစ်သူ စိုင်းခမ်းတုံ ရေးတဲ့ 'ဆေးတံတို' သီချင်းစာသားကို သံစဉ် ရှာ အသံထည့်ခဲ့ခြင်း ဖြစ်ပါတယ်။
စာပေကင်ပေတိုင် စီစစ်ရေးက မျက်စိမှောက်သွားတာပဲလား..၊ အဓိပ္ပာယ် နားမလည်တာလားမသိ၊ ဒီသီချင်း "တောင်ပေါ်မြေရဲ့တခြားတမျက်နှာ" ကို စိုင်းထီးဆိုင်ရဲ့ ပထမဦးဆုံး တေးစု “သဘာဝ (၁၉၇၃)” မှာ တရားဝင် သီဆို အသံသွင်း လူထုထံ ဖြန့်ချီ ခွင့်ရခဲ့တယ်။
“သဘာဝ” တေးစု ကို “The Outsiders” အဖွဲ့ကတီးခတ်ပေးခဲ့တယ်။ စိုင်းခမ်းလိတ် က “Albert Camus” ရဲ့ “The Outsider” ကို ဖတ်ပြီး သဘောကျလို့ အဖွဲ့နာမည်ကို “The Outsiders” လို့ ကိုယ်တိုင် နာမည်ပေးခဲ့တယ်..။ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်၊ စောသိမ်းဝင်း စတဲ့ မိတ်ဆွေ သူငယ်ချင်းတစု ပါဝင်ခဲ့တယ်။ ဒီတေးစု အပြင် အဲ့ကာလ မန္တလေးတက္ကသိုလ် အသိုင်းအ၀ိုင်းမှာ တီးခတ်စရာ ရှိပါက “The Outsiders” နာမည်နဲ့ပဲ သူတို့ မိတ်ဆွေ၊ သူငယ်ချင်းတစု တီးခတ်ခဲ့တယ်။
အဲ့ကာလထက် တနှစ်လောက် ခပ်စောစောမှာ စိုင်းထီးဆိုင်ရဲ့ သူငယ်ချင်း စောဂျက်ဆင်က စောဂျော်နီ၊စိုင်းခမ်းသီ (စိုင်းခမ်းလိတ်ရဲ့ ညီ) စတဲ့ သူငယ်ချင်းတစု နဲ့ ပေါင်းပြီး တောင်ကြီးမှာ “The Highlanders”တီးဝိုင်းဖွဲ့ခဲ့တယ်။ ဒီသူငယ်ချင်း အုပ်စု နှစ်ခုပေါင်းပြီး နောင်မှာ ဆက်လက်ထွက်ရှိလာခဲ့တဲ့ စိုင်းထီးဆိုင် နဲ့ သူငယ်ချင်းတွေရဲ့ တေးစုတွေနဲ့အတူ ဗမာ့ကိုယ်ပိုင်သံစဉ်တေးလောက မှာ သျှမ်းသျှမ်းတောက်ခဲ့တဲ့ “The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ)” တီးဝိုင်း ဖြစ်ပေါ်လာခဲ့တယ်။ ဗမာ့ကိုယ်ပိုင်သံစဉ် စတီရီယို ခေတ်ပေါ်တေးလောက ကို အစဦးကတည်းက ရှမ်း၊ ချင်း၊ ကရင်၊ ကချင်၊မွန် အစရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေက ဆပ်မကုန်နိုင်တဲ့ ကြီးစွာသော အကျိုးပြုခဲ့ပါတယ်။
(၇) မန္တလေးရောက်ရှမ်းတယောက်
မန္တလေးရောက်ပြီး ဘယ်နေရာမှာမှ အဆင်မပြေနိုင်ဖြစ်နေသူရဲ့ ဘ၀ကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ကိုယ့် ကိုယ်ပိုင်ခံစားချက်သီချင်းတစ်ပုဒ်ပါ..။
"ဘယ်လောက်နှိမ်ပေမယ့်လည်း မထူးတဲ့အကြောင်းကိုတော့ အချစ်နဲ့တိုင်းတာပြလိုက်တယ်...၊
မန်းပျိုဖြူတစ်ယောက်ကို.. ရှမ်းချစ်လည်း.. ဗမာထက်မလျော့တာ တကယ်တမ်းပြခဲ့တယ်…၊
ဒါပေမယ့်လည်း…
ငွေဂုဏ်မရှိတော့ ယောက္ခမ မကြည်.. မအောင်နိုင်သေးတော့.. မိဘ မကြည်.. မှီစရာခိုစရာမဲ့..၊
အို.. နောက်ဆုံးတော့… မန္တလေးရောက်ရှမ်း တယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလား / အရင်လိုပဲ..၊
ဒါပေမယ့်လည်း…
နေရာချင်းတော့ မလဲပါဘူး… တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူချင်ပါတယ်..၊
အို.. အို.. အို ….. မန္တလေးယောက်ရှမ်းတယောက်တော့.. ပြုံးနေ..ရီနေမြဲ..။”
ကောက်နှုတ်တင်ပြသူ ရဲ့ မှတ်ချက်:
လူမှု လောက ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရတဲ့ လူနည်းစု အုပ်စုဝင် တယောက်ရဲ့ ခံစားချက်ပါ။ ဘဝနဲ့ ရင်းခဲ့တဲ့ အသိ၊ ခံစားမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့  “စိုင်းခမ်းလိတ်” ရဲ့ “Masterpiece”  လို့ ဆိုရပါမယ်။ ဒီသီချင်းကို ကြည့်ပြီး ဒီစာဖတ်ဖြစ်သူတွေထဲက မြန်မာ (ဗမာ) မျိုးချစ်များ အနေနဲ့ “စိုင်းခမ်းလိတ်” က လူမျိုးရေးစိတ်ရှိသူ၊ သွေးခွဲလိုသူလို့ ပြောချင်ကြလိမ့်မယ်။ အဲ့လို ထင်ရင်၊ ပြောရင်..၊ မှားသွားပါလိမ့်မယ်။ ခံရသူတွေ ဘက်က ခံစားမှု အနုပညာ စကားလုံး နဲ့ ဒီလောက်တော့ ပေါက်ကွဲသင့်ပါတယ်။
“စိုင်းခမ်းလိတ်” ဟာ သူ့လူမျိုး အပေါ် ဘယ်တော့မှ တန်းတူထား မဆက်ဆံတဲ့ တိုင်းပြည် အပေါ် သူ့လူမျိုးအများစု သဘောနဲ့အတူ ဘယ်တော့မှ စိတ်မကွက်ဘဲ.. ချစ်ရှာလွန်းလို့..၊ တိုင်းရင်းသား စည်းလုံးရေး၊ တိုင်းပြည် မပြိုကွဲရေး.. သီချင်းပေါင်း မြောက်များစွာလည်း ရေးခဲ့ပါတယ်။ “အချစ်ဖိတ်စာ”၊ “နေ့သစ်” စတဲ့ သီချင်းတွေက သက်သေပါ။
ဆယ်စုနှစ် ငါးစု ကျော် တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကြောင့် မိဘ၊ အိမ်သူသက်ထား၊ သားသမီးငယ်တို့ကို ပြန်ပြီး မနှုတ်ဆက်နိုင်ဘဲ အဝေးတနေရာ စစ်မြေပြင်မှာပဲ အိပ်စက်အနားယူသွားရတဲ့ (ဘက်နှစ်ဘက်စလုံးက) သူတွေ အားလုံး အတွက် ရည်စူးပြီး ရှမ်းတော်လှန်ရေးတပ်သားလေး တယောက်ရဲ့ ရင်နင့်ဖွယ်အကြောင်းလေးကို အခြေခံ ရေးဖွဲ့ခဲ့တဲ့ “အိပ်စက်အနားယူပြီ (“စိုင်းထီးဆိုင်”၊ “အိပ်စက်အနားယူပြီ” ၁၉၇၈၊ တေးစုမှာ တရားဝင် ဆိုခွင့်ရ) သီချင်းကလည်း “စိုင်းခမ်းလိတ်” ရဲ့ တိုင်းပြည်မှာ “ငြိမ်းချမ်းရေး” မရှိမဖြစ် အရေးတကြီး လိုအပ်ပုံကို ဖော်ညွှန်းခဲ့တဲ့ သီချင်းလေး ပါပဲ။ ခုအချိန်ထိတော့ “စိုင်းခမ်းလိတ်” ရဲ့ ဆန္ဒ မပြည့်ဝ နိုင်သေးဘူးပေါ့..။
(၈) ဖြတ်သာသွားတယ်.. မနားတယ် / ဖြတ်သာသွားမယ်.. မနားတယ်
ကျွန်တော် ရှမ်းပြည်မြောက်ပိုင်း မှာ ကျင်လည်တာများနေပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်အစ်ကိုကတော့ GTI မှာ ၀င်ရတော့ သူနဲ့ တခါအလည်လိုက်သွားမိတယ်။ မန္တလေး ပတ်ဝန်းကျင်လောက်ကမီးတိုင်ကြီးတွေကို အစ်ကိုက 
“ဒီလျှပ်စစ်မီးတိုင်ကိုကြည့်ထားနော်။အဲဒါက လောပိတကထွက်ပြီး ရှမ်းပြည်ကို  ဖြတ်ပဲ ဖြတ်သွားတာ။ ဘာမီးမှလဲ မပေးဘူး...” ဆိုပြီး ပြောတော့ ရေးဖြစ်လိုက်တဲ့ သီချင်းတပုဒ်ပါ။
ကောက်နှုတ်တင်ပြသူ ရဲ့ မှတ်ချက်:
ဒီသီချင်းမူရင်းစာသား ဗားရှင်းကို တရားဝင် သီဆို၊ ဖြန့်ချီ ခွင့်မရခဲ့ပါဘူး..။ စိုင်းထီးဆိုင် သူရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အပျော်တမ်း ဆို/တီး ပြခဲ့တာတွေပဲ ရှိခဲ့ပါတယ်။ (၇၀) ခုနှစ်တွေ ကတည်းက ကျောင်းသား လူငယ်ထုအကြား ရေပန်းစား လူသိများခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။
မဆလ စစ်အစိုးရ ခွင့်ပြုချက်ရအောင် စာသားပြောင်း၊ ပုံဖျက်၊ အသွင်ပြောင်း ခဲ့ရတဲ့ စာသားအတော်များများ ကွဲ တဲ့ ဒုတိယ ဗားရှင်း “ဖြတ်သာသွားမယ်.. မနားတယ်” သီချင်းကို “စိုင်းဆိုင်မော၊ဝ်၊” က “စိုင်းထီးဆိုင်” အထိန်းသိမ်းခံရစဉ်ကာလ “စိုင်းခမ်းလိတ်” ရဲ့ သီချင်းအသစ်တွေကို ဆို၊ ထုတ်ခဲ့တဲ့ “ရွှေဟင်္သာပျံမှာစိုး (၁၉၇၉)” တေးစု မှာ သီဆို၊ အသံသွင်း၊ တရားဝင် ဖြန့်ချီ ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် မူရင်း စာသားရဲ့ အဓိပ္ပာယ် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ တိုင်းရင်းသား/လူနည်းစု ဒေသတွေက ထွက်တဲ့ သဘာဝ အရင်းအမြစ်တွေ ကို ဒေသခံ တိုင်းရင်းသားတွေ အကျိုး ခံစားခွင့် မရဖြစ်နေတဲ့ တဘက်စောင်းနင်း တရားမဲ့ဖြစ်နေမှု အကြောင်းတော့ ပုံမဖော်နိုင်တော့ပါဘူး။
အခု ကောက်နှုတ်တင်ပြသူ စာရေးသူရဲ့ တခြား ကိုယ်ပိုင် “တိုင်းရင်းသား အခွင့်အရေး/ပြဿနာ” နဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေကို မြန်မာ(ဗမာ) မျိုးချစ် (ဆိုသူ) (စကားချပ်- စာရေးသူလည်း မြန်မာ (ဗမာ) ပါပဲ) တချို့က   ပြန်လည် ဝေဖန်လေ့ရှိတဲ့သဘောတခုက “စစ်အာဏာရှင်စနစ်ကို မြန်မာအပါအဝင် တတိုင်းပြည်လုံး အတူတူ ခံရတာပါ..၊ တိုင်းရင်းသားတွေမှ ပိုခံရတာမဟုတ်ပါဘူး..၊ ဇာတ်နာအောင် ခွဲမပြောပါနဲ့” လို့ ဆိုလေ့ရှိပါတယ်။
ဒီလို သဘောတွေကို စာရေးသူ ပြန်လည် ဖြေရှင်းလေ့ရှိတာကတော့
 “မြန်မာ (ဗမာ) တွေ နဲ့ တချို့က အရင်၊ တချို့က မရှေးမနှောင်း အတူတူ၊ တချို့က နည်းနည်းနောက်ကျပြီး ဒီမြေ၊ ဒီရေ ကို ရောက်ရှိ၊ ဓားမဦးချ နေထိုင်လာခဲ့တဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ မူလ အခွင့်အရေး၊ ရပိုင်ခွင့် တွေ ဆုံးရှုံးနေရပုံကို စာရေးသူ (ကျနော်) ရေးတဲ့ ရသမပါတဲ့ အကြမ်းထည် အချက်အလက်တွေ (ဥပမာ - သဘာဝဓာတ်ငွေ့သိုက်တွေနဲ့ ကျောကပ် နေပေမယ့် တနိုင်ငံလုံးမှာ လျှပ်စစ်မီတာခ ဈေးအကြီးဆုံး ပေးနေရတဲ့ ရခိုင်ပြည်) ကို ဖတ်ကြည့်ပြီး ခံတွင်းမတွေ့၊ မခံစားနိုင်ဘူးဆိုရင် စိုင်းခမ်းလိတ် ရဲ့ “ဖြတ်သာသွားတယ်.. မနားတယ်” သီချင်း မူရင်းဗားရှင်း ပဲ ရှာနားထောင်ကြည့်ကြပါ။ သူက အနုပညာ ရသ နဲ့ ပုံဖော်သွားတာ..၊ ခင်ဗျားတို့.. စာနာ၊ ခံစား၊နားလည် ရင်ထဲ ထိ စေပါလိမ့်မယ်..” လို့ ညွှန်းဆိုလေ့ရှိပါတယ်။
တိုင်းပြည် ရဲ့ အာဏာ၊ ဓန၊ အရင်းအမြစ် အားလုံးဟာ မြန်မာ အပါအဝင် တိုင်းရင်းသားအားလုံး၊ ဗမာတပြည်လုံး ဘာသာ/လူမျိုး မခွဲ ညီတူမျှတူ ရရှိ၊ခံစားရမှာပါ။
သဘောမမှန်တဲ့ လူမျိုးကြီးဝါဒ အားပေး၊ ကျင့်သုံးတဲ့ စစ်အာဏာရှင် အစိုးရတွေ..၊ စစ်အာဏာရှင်နဲ့ သဘောတူ အစိုးရတွေ နဲ့တော့ သာတူညီမျှ၊ ဥမကွဲ၊ သိုက်မပျက်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ကြမ္မာကိုယ့်ဖန်တီးခွင့် အာမခံတဲ့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် တည်ဆောင်နိုင်မှုဟာ အလှမ်းဝေးနေဆဲ..၊ တိုင်းရင်းသားတွေလည်း ဥစ္စာ၊ ဓန၊ သဘာဝအရင်းအမြစ်တွေကို မြင်သာမြင်၊ မကြင်ရတဲ့ ဘဝ..၊ “ဖြတ်သာသွားမယ်.. မနားတယ်” ဖြစ်နေဦးမှာ ဖြစ်ပါတယ်။
(၉) လူငယ်ခြေကျ / လူငယ် အခြေကျ
ဟိုတုန်းက “တင်ဝင်း (ဆေး/မန်း)” ကျွန်တော့်တို့အခေါ်အရတော့ “ကိုရော်နယ်လ်ရင် (Ronald Yin)” ပေါ့လေ..။ သူပြောလေ့ရှိတဲ့စကားတခွန်းပေါ့။ ကျွန်တော်က တကယ်ကို သဘောကျသွားတယ်။ ဘာလို့လဲ ဆိုတော့ တက္ကသိုလ်တက်ပြီး အမျိုး/ဘာသာ/သာသနာအတွက် ဘာမျှအသုံးမကျဘဲ ဖြစ်နေတဲ့ လူငယ်တက္ကသိုလ်ထွက်တွေ အများကြီး တွေ့ဖူးပြီးသားဖြစ်နေတာကိုး။ ဒါနဲ့ပဲ အဲဒီသီချင်းကိုရေးဖြစ်တာပါ။
ဆိုတဲ့သူရော..၊ တီးတဲ့သူရော အားလုံးကြိုက်ကြပြီး သီချင်းပြီးတဲ့အချိန်နဲ့ Regional College တွေစတဲ့အချိန်နဲ့ ကွက်တိဖြစ်သွားလို့ကျွန်တော် နှမျောတသစွာနဲ့ပဲ ပြန်နုတ် လိုက်ရတဲ့သီချင်းတပုဒ်ပါ။
ကောက်နှုတ်တင်ပြသူ ရဲ့ မှတ်ချက်:
တင်ဝင်း (ဆေး/မန်း) ဟာ စိုင်းခမ်းလိတ် ရဲ့ မန္တလေး ဆေးတက္ကသိုလ် ကျောင်းနေဘက် သူငယ်ချင်း၊ ဂျေမောင်မောင်၊ မန္တလေး “The Shells” အုပ်စု နဲ့ ခိုင်ထူး ရဲ့ နာမည်ကြီး ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများစွာ ကို ရေးစပ်ခဲ့သူ၊ နောက်ပိုင်းမှာ မေ့ဆေးဆရာဝန်ကြီး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ဒီသီချင်းလည်း ပြည်တွင်းမှာ တရားဝင် အသံသွင်း၊ ဖြန့်ချီခွင့် မရခဲ့ပါဘူး။ စိုင်းထီးဆိုင် အပါအဝင် အဲ့ဒီခေတ် လူငယ် တက္ကသိုလ်ကျောင်းသားတွေ အပျော်တမ်း ဆို/တီး ကြရင်းနဲ့ပဲ သီချင်းဟာ လူငယ်ထုကြား ရေပန်းစားလာခဲ့ပါတယ်။
၈၀ ခုနှစ်များရဲ့ နာမည်ကျော် အဆိုတော် မွန်းအောင် တယောက် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်ဖို့ ကျောင်းသားတွေနဲ့ အတူ တောခိုသွားတဲ့ အချိန်မှာ ဒီလို အာဏာရှင်လက်အောက် သီဆိုခွင့် မရတဲ့ သီချင်းအများအပြားကို ယူသွားခဲ့ပါတယ်။ နောင် သီချင်းတွေကို “ငြိမ်းချမ်းရေးတိုက်ပွဲ (၁၉၉၂)” တေးစု အနေနဲ့ ယိုးဒယား မှာ အသံသွင်း ပြီး ပြည်တွင်းကို လျှို့ဝှက်ဖြန့်ချီ တင်သွင်း ရာမှာ ဒီ “လူငယ်ခြေကျ” သီချင်းလည်း ပါခဲ့လို့ ၉၀ ခုနှစ် လူငယ်များကြားလည်း ထင်ရှားလာခဲ့ပါတယ်။
စစ်အာဏာရှင် အဆက်ဆက် စနစ်ဆိုးရဲ့ သားကောင်တွေ အဖြစ်နဲ့ 
“အတောင်၊ အလက် ပြည့်ပြီးကာမှ ကောင်းကင် လိုင်စင် မရလို့ မပျံနိုင်တဲ့ ငှက်ကလေးလို..”
 လူမှန်၊ နေရာမှန် မိသားစု၊ တိုင်းပြည် နဲ့ လူမျိုးအတွက် အကျိုးမပြုနိုင်ဖြစ်နေတဲ့ ပညာတတ် “ခေတ်လူငယ် ခြေကျ / ခေတ်လူငယ် အခြေကျ” တွေရဲ့ ဘဝ ကို ရင်ဖွင့်ထားတဲ့ ဒီသီချင်းဟာ ယနေ့ခေတ် အပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သမျှ လူငယ်တွေ အတွက် မှန်နေဦးမယ့်..၊ လူငယ်တွေ ဆိုနေရဦးမယ့် သီချင်းပဲ ဖြစ်ပါတယ်။
စာရေးသူ နားထောင်ဖူးတဲ့ ဒီသီချင်း ဗားရှင်း နှစ်မျိုးထဲက စိုင်းထီးဆိုင် အပျော်တမ်းဆို ဗားရှင်းမှာ ခေတ်ဆိုး၊ စနစ်ဆိုး နဲ့အတူ အံ့ဝင်ခွင်ကျ အကျိုးမဲ့ဖြစ်နရရှာတဲ့ ပညာတတ် လူငယ်တွေ သဘော “ခေတ်လူငယ် အခြေကျ” ဖြစ်ပြီး မွန်းအောင် ရဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” တေးစု ဗားရှင်းမှာတော့ လို့ ပညာတတ် လူငယ်ပေမယ့် စနစ်ဆိုးကြောင့် အစွမ်းမဲ့ ခြေကျ ဖြစ်နေရရှာတဲ့ သဘော “လူငယ်ခြေကျ” လို့ နှစ်မျိုး ဖြစ်နေတာ သတိထားမိပါတယ်။
တေးပြုစာဆို စိုင်းခမ်းလိတ် တယောက် သက်ရှိထင်ရှားရှိနေစဉ် အခုလို အချိန်မှာ စတင် ဖွဲ့ဆိုချိန်က မူရင်း စာသား အမှန် ဘယ်လိုဆိုတာ နောင် သမိုင်းမှာ စာသား အမှန်ကျန်ရစ်စေဖို့ စီစစ် ပြုပြင် ပေးနိုင်ရင် ကောင်မယ်လို့ ယူဆမိပါတယ်။
(၁၀) စာခြောက်ရုပ်
အဲဒီ ဇာတ်လမ်းလေး ကတော့ နိုင်ငံခြားစာရေးဆရာကြီး “Nathaniel Horthorne”  ရဲ့ ၀တ္ထုတိုကို အကျဉ်းပြန်ရေးထားတဲ့ “Feather Top”ဆိုတဲ့ ၀တ္ထုလေးကို ဖတ်ပြီး  ရေးဖြစ်သွားတာပါပဲ။ 
ဒီဝတ္ထုမှာ စုန်းမကြီးတယောက်ကနေ စာခြောက်ရုပ်တခု လုပ်ရင်းနဲ့ ရုပ်သိပ်ချောသွားတဲ့အတွက် အသက်သွင်းပြီး လူပြည်ကိုသွားခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သူထင်သလို အဆင်ပြေမလာဘဲစာခြောက်ရုပ်က သူ့တကယ့် အသွင်ကို မှန်ထဲမှာ မြင်ပြီးမှတ်မိသွားတဲ့အတွက် ပြန်လာတာကို စုန်းမကြီးကတော့ နောက်ဆုံးတော့လက်လျှော့ပြီး အစကတည်းက ရည်ရွယ်ထားသလို “ငါ့ပြောင်းဖူးခြံကိုသာ စောင့်ပေတော့” လို့ လိုက်လျောခဲ့ရတဲ့ ဇာတ်လမ်းလေးပါ။ 
ဟိုတုန်းက (၇၂/၇၃)ခုနှစ်လောက်က သီချင်းအဖြစ်ရေးသားပြီး “ရွှေကြယ်ငွေကြယ်” စတဲ့ စကားလုံးတွေပါနေလို့  ဆင်ဆာကိုမတင်ဖြစ်လိုက်ဘဲ ချန်ထားတဲ့သီချင်းတပုဒ်ပါ။ အခုအခွင့်သာလို့ ပြန်တင်ပြရတဲ့သဘောပါ။
ကောက်နှုတ်တင်ပြသူ ရဲ့ မှတ်ချက်:
“အမှန်ကိုဆိုမယ့် ငါ့ပါးစပ်ကို ချုပ်စဉ်အခါမှာ.. အမှန်ကို မြင်တဲ့ ငါ့မျက်လုံးပါ.. ဖောက်ပါတော့လား.. ‘လူ’ အမည်ခံတဲ့ ‘စာခြောက်ရုပ်ငယ်’ ဘဝမို့.. သူငယ်ချင်းရေ.. လူသာရှင်နေ.. ငါ့နှလုံးသားဟာသေ..”
 ဆိုတဲ့ စာသားတွေပါတယ် သီချင်းတပုဒ် ဖြစ်ပါတယ်။
စစ်အာဏာရှင် နဲ့ စနစ် ရဲ့ အလိုကျ အသုံးတော်ခံ အဖြစ် အထက်က ခိုင်းသမျှ မတရားမှုတွေကို မြင်နေလျက်၊ သိနေလျက်၊ ခံစားနေရလျက်.. မျက်စိမှိတ်၊ ပါးစပ်ပိတ်၊ နှလုံးသားခံစားချက်ကို ဖျောက်ပြီး ဇွတ်လုပ်ကိုင်ပေးနေရတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့အတွက် “ရဲ” မဖြစ်ဘဲ အာဏာရှင် အတွက် လူထုကို ဖိနှိပ်နေရတဲ့ ကိုလိုနီခေတ် လူထုချဉ်ဖတ် “ပုလိပ်” ဘဝမျိုးထက်မပိုတဲ့ ရဲထန်ထမ်းတွေ စတဲ့ ပြည်သူလူထု နဲ့ ဆန့်ကျင်ဘက် မှာ မရပ်ချင်ဘဲ ဝမ်းရေးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်နေရတဲ့ စနစ်ရဲ့ သားကောင် တွေ အကြောင်းကို စိုင်းခမ်းလိတ် က ခံစားဖွဲ့သီထားခြင်းဖြစ်ပါတယ်။ ဒီသီချင်းကိုလည်း မွန်းအောင် “ငြိမ်းချမ်းရေးတိုက်ပွဲ” တေးစုမှာ ဆိုဖူးခဲ့ပါတယ်။
ခု လတ်တလော ဖြစ်ခဲ့တဲ့ လက်ပန်းတောင်းတောင် အကြမ်းဖက်မှု ကိစ္စမှာလည်း အောက်ခြေက အမိန့်ပေးလို့ လုပ်ရတဲ့ စနစ်ဆိုးရဲ့ နင်းချခံ သားကောင်တွေကို အပြစ်အကုန် ပုံချ မမြင်ဘဲ တကယ့် လက်သည်တရားခံ စစ်အာဏာရှင် စနစ်၊ စနစ်ကို ကာကွယ်သူ ဗိုလ်ချုပ်ကြီး တဖြစ်လဲများ၊ စနစ် နဲ့ အကျိုးတူ ကြီးပွားချမ်းသာ ကိုယ်ကျိုးရှာခွင့်ရနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ  ရဲ့ ယုတ်မာ၊ မိုက်ရိုင်း၊ ရက်စက်မှု ကိုသာ မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။
ကောက်နှုတ်တင်ပြသူ ရဲ့ နိဂုံး မှတ်ချက်:
အထက်မှာ တင်ပြခဲ့တာတွေက ဆရာ 'စိုင်းခမ်းလိတ်' ရေးသားထားတဲ့ သီချင်းတချို့ရဲ့ နောက်ခံ သမိုင်းရာဇဝင်တွေ ဖြစ်ပါတယ်။ ဒါဟာ ဗမာနိုင်ငံရဲ့ သမိုင်း တစိတ်တဒေသလည်း ဖြစ်ပါတယ်။ စိုင်းခမ်းလိတ် သီချင်းသံစဉ်၊ စာသား တွေကတဆင့် ဖော်ကြူးလစ်ဟ ပြခဲ့တဲ့ တိုင်းပြည်ရဲ့ နာတာရှည် ရောဂါများလည်း ဖြစ်ပါတယ်။
တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေ၊ ဖြစ်ပေါ်ဆဲ ဖြစ်တဲ့ တိုင်းရင်းပြဿနာ အပါအဝင် လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ ရောဂါ အစုံစုံဟာ စစ်အာဏာရှင် စနစ်ဆိုး ဆိုတဲ့ နိုင်ငံရေးစနစ်ဆိုး ရေသောက်မြစ် ရောဂါကြီးကြောင့်ဆိုတာ ဒီလို သီချင်းတွေနဲ့အတူ သမိုင်းက သက်သေပြုလျက် ရှိနေပါတယ်။
ရေသောက်မြစ် ရောဂါဆိုးကြီး အမြစ်ပြတ်ကုစားနိုင်ဖို့ ပြည်သူ၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေး အဖွဲ့အစည်း အားလုံး တက်ညီလက်ညီ ဝိုင်းဝန်း တော်လှန် ပြုပြင် ကြိုးပမ်း ကြပါစို့..။
နပမ်းမီးဗုံးကြဲ ဒီမိုကရေစီ အတု ခေတ် ကြီးမှာ ခေတ်အဆက်ဆက် အာဏာရှင်တွေ ကြောက်တဲ့..၊ အလာဂျီ ဖြစ်တဲ့ စာသားတွေပါတဲ့ စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ ကိုရဲလွင် အစရှိတဲ့ ပြည်သူ့ဘက်တော်သား ဂီတစာဆိုများ ရေးဖွဲ့တဲ့ တေးသီချင်းများကို ဟစ်ကြွေးရင်း ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး တိုက်ပွဲကြီးကို အဆုံးသတ်အောင်မြင်အောင် လူထု သပိတ်တိုက်ပွဲများ ဖော်ဆောင်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲကြပါစို့…။
ငြိမ်းချမ်းအေး
၀၁ ၊ ဒီဇင်ဘာ ၊ ၂၀၁၂

Comments