MoeMaKa Remembers Htoo Eain Thin


 
ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်
မိုးမခ၊  သြဂုတ်လ၊ ၁၄၊ ၂၀၁၃

ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
တေးရေး/တေးဆို/ဂီတပညာရှင် ထူးအိမ်သင် တယောက် ကွယ်လွန်သွားခဲ့သည်မှာ ၂၀၁၃ ၁၄ သြဂုတ် နေ့ တွင် (၉) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။  ထူးအိမ်သင် အမှတ်တရ အစီအစဉ် အဖြစ် သူ ၏ “ဂီတ ဘဝ ကောက်ကြောင်း အကျဉ်း” နှင့် “ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့်” ရုပ်သံ အစီအစဉ်များကို “ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်” မိုးမခ ပရိသတ် အတွက် တင်ဆက်လိုက်ပါသည်။

ထူးအိမ်သင် ၏ ဂီတ ဘဝ အကျဉ်း

ထူးအိမ်သင် ကို ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။  အဖ ဦးထွန်းမြင့် (ယခု ကွယ်လွန်) နှင့် အမိ ဒေါ်မြရင် ဖြစ်သည်။  မွန်/မြန်မာ(ဗမာ) လူမျိုး ဖြစ်သည်။  အမည်ရင်း မှာ ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု၍ သူငယ်ချင်းများက အချိန်အပိုင်းအခြားလိုက် ခေါ်ခဲ့ကြသည်။

ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)

ထူးအိမ်သင် ငယ်စဉ်ဘဝ အပျော်တမ်း ဂစ်တာ စ တီး တတ်စဉ် စတင် တီးဆိုခဲ့သည့် သီချင်း မှာ “နွေဥသြ (ရေး/ဆို စိုင်းထီးဆိုင်)” ဖြစ်သည်။
၁၉၇၇ ပုသိမ်မြို့၊ အနောက်မြို့နယ် လူငယ်ဘင်ခရာတီးဝိုင်း မှာ ပါဝင်ခဲ့ပြီး ဂီတသင်္ကေတ များ ကို စတင်သင်ယူခဲ့သည်။  ဆရာ အမည် မှာ “ဦးဆန်းတင့်” ဖြစ်သည်။  ပုသိမ်မြို့ အပျော်တမ်း ဂီတပညာရှင် “ဦးကျောက်စိမ်း” ထံတွင်လည်း ပညာဆည်းပူးခဲ့သည်။  ၁၉၇၉ ခုနှစ်တွင် ပထမဆုံး တေးစာသား အဖြစ် “ကန္တာရနှလုံးသား” သီချင်းကို ရေးသားခဲ့သည်။  မူရင်း သံစဉ်မှာ ABBA အဖွဲ့ဆို “Hastamanana” သီချင်း ဖြစ်သည်။
၁၉၈၀ တွင် ပုသိမ်မြို့ ငုဝါ တေးဂီတ အဖွဲ့ ၏ ဂစ်တာ ဆရာ “ဦးတင်ယု” ထံမှာ ဆက်လက် ပညာသင်ယူခဲ့သည်။  ငုဝါ တီးဝိုင်း နှင့် အတူ ပထမဆုံး စင်တင် ဖျော်ဖြေမှု အနေဖြင့် ကိုင်ဇာ ၏ “အကောင်းဆုံးကဂစ်တာတီးနေမယ် (သံစဉ်-မောင်မောင်ဈာန်၊ စာသား - ကိုင်ဇာ)” ကို သီဆိုခဲ့သည်။
မော်လမြိုင်မြို့ကို ပြောင်းရွှေ့နေထိုင်ပြီးနောက် ဂီတပညာရှင် ဆရာ “ဦးအောင်စိုး (KC Francis)” နှင့် တွေ့ဆုံပြီး ဆက်လက်ပညာသင်ယူခွင့်ရခဲ့ကာ သူ၏ ဂီတပညာ အရည်အသွေးများ ပိုမို ပြည့်စုံ လာခဲ့သည်။
၁၉၈၂ တွင် ပထမဆုံး ကိုယ်ပိုင်သံစဉ် တေးသီချင်း အဖြစ် “ဝေးသွားတဲ့အခါ” တေးသီချင်းကို ရေးသားခဲ့သည်။  ဤ သီချင်းမှာ နောင်တွင် ကိုယ်တိုင် သီဆို အောင်မြင်ခဲ့သည်။  ဗမာ့ဂီတ အတွက်လည်း ဂန္တဝင် မှတ်တိုင် တေး တပုဒ် အဖြစ် မှတ်တမ်းဝင်သည်။  သူ ကွယ်လွန်ချိန်မှာ “ဝေးသွားတဲ့အခါ” သီချင်း ၏ ဂီတ သင်္ကေတ များကို သူ့ ဆန္ဒ အတိုင်း အုတ်ဂူတွင် ရေးထိုးခဲ့သည်။  သီချင်း စတင် ဖန်တီး ချိန်က Latin ပုံစံ ဖွဲ့ခဲ့သည်။ The Aces (တေးပန်းချီ) အဖွဲ့နှင့် နောင် အသံသွင်းယူ သီဆိုချိန်မှာ Jazz ဂီတ ပုံစံ ပြောင်း၍ သီဆိုခဲ့သည်။
ထူးအိမ်သင် ရေးသားခဲ့သည့် ပထမဆုံး အသံသွင်း တရားဝင် ဖြန့်ချီနိုင်ခဲ့သည့် သီချင်း မှာ “လူနဲ့အင်္ကျီ” ဖြစ်သည်။  သုခနောင် ၏ “လူနဲ့ အကျီ” တေးအယ်လ်ဘမ် (၁၉၈၆) တွင် ပါဝင်ခဲ့သည်။
ထူးအိမ်သင် ကိုယ်တိုင်ရေး/ဆို ပထမဆုံး တကိုတော် တေးစု မှာ “နာရီပေါ်မှ မျက်ရည်စက်များ”(၁၉၈၇) ဖြစ်သည်။  သီချင်း (၁၆) ပုဒ် ပါဝင်ကာ ဂီတမှူး ဦးသန်းရွှေ ၏ The Aces (တေးပန်းချီ) အဖွဲ့ နှင့် တီးခတ်ပြီး Oasis စတူဒီယို မှာ အသံသွင်းယူခဲ့သည်။  ဂန္ဓမာ တေးသံသွင်း က တာဝန်ယူ ဖြန့်ချီပေးခဲ့သည်။  ကက်ဆက်တိပ်ခွေ အဖုံး ဓာတ်ပုံ မျိုးလေး(Eco) နှင့် ဒီဇိုင်း သိန်းလွင် ဖြစ်သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
ထို့နောက် ၁၉၈၇ ခုနှစ် မှာပင် ထူးအိမ်သင် အမည်ဖြင့် ပထမဆုံး စင်တင်ဂီတပွဲအဖြစ် ရန်ကုန်မြို့ မေရီချပ်(ပ်)မင်း ဆွံ့အနားမကြားကလေးများ ကျောင်းတွင် New Wave (လှိုင်းသစ်) တေးဂီတ အဖွဲ့နှင့် အတူ ဖျော်ဖြေ ခဲ့ပြီး “မေ့လိုက်တော့” အပါအဝင် သီချင်း ၅ ပုဒ် သီဆိုခဲ့သည်။
၁၉၉၀ ခုနှစ်များတွင် ပထမဆုံး ရုပ်သံ အသံလွှင့်မှု အဖြစ် အောင်ရင် နှင့်တွဲ၍ “မဆုံးတဲ့သီချင်း” ကို သီဆို ထုတ်လွှင့်ခဲ့သည်။  “မဆုံးတဲ့သီချင်း” မှာ သူငယ်ချင်း ဖြစ်သူ “သိမ်းတင်သား” နှင့် တွဲဖက် ရေး သီချင်း ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် ပထမဦးဆုံး တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ အဖြစ် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ ၌ Iron Cross (သူရဲကောင်းလေးများ) တေးဂီတ အဖွဲ့နှင့်အတူ သီချင်း ၂၉ပုဒ် ဖျော်ဖြေခဲ့သည်။
၁၉၉၅ ခုနှစ်တွင် Iron Cross (သူရဲကောင်းလေးများ) တေးဂီတ အဖွဲ့ နှင့်ပင် “Unplugged” စင်တင်ပွဲအဖြစ် ရန်ကုန်မြို့ အောင်ဆန်း အားကစား ကွင်း တွင် ဖျော်ဖြေခဲ့သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)
ကွယ်လွန်သည့် အချိန် အထိ တကိုယ်တော် တေးစု (၁၃) ခု ထွက်ခဲ့သည်။  နိုင်ငံခြား သံစဉ်မှီး တေးစု (၃) ခု ပါခဲ့သည်။  “တနေ့စာအလွဲများ (၂၀၀၃)”  တေးစု သည် မကွယ်လွန်ခင် ထွက်ခဲ့သည့် နောက်ဆုံးတကိုယ်တော် တေးစု ဖြစ်သည်။

တကိုယ်တော်တေးစုများ စာရင်း

၁။ နာရီပေါ်မှမျက်ရည်စက်များ | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | ဂန္ဓမာတေးသံသွင်း (၁၉၈၇)
၂။ မှော်ဆရာအိမ်မက် | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | ပန်းနုလ၀န်းတေးသံသွင်း (၁၉၈၈)
၃။ သက်ငြိမ် | The Aces (တေးပန်းချီ) | အိုအေစစ် စတူဒီယို | Country Boy Recording (၁၉၈၉)
၎။ အတ္တပုံဆောင်ခဲများ | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | စံပယ်ဦး တေးသံသွင်း (၁၉၉၁)
၅။ အရင်အတိုင်း (နိုင်ငံခြားသံစဉ်မှီး၊ စကားလုံး ဝင်းမင်းထွေး) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | ဂျူပီတာတေးသံသွင်း နှင့် ကိုရဲ တေးထုတ်လုပ်ရေး (၁၉၉၁)
၆။ စကားလုံးမရှိတဲ့ကောင်းကင် (နိုင်ငံခြားသံစဉ်မှီး၊ တေးစာသား မြင့်မိုးအောင်) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | မောင်ဇော်သစ် နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး (၁၉၉၅)
၇။ ထူးအိမ်သင် (Unplugged Live) အောင်ဆန်းကွင်း Live Show | Iron Cross (သူရဲကောင်းလေးများ) | မေ စတူဒီယို | စိန်မင်း တေးထုတ်လုပ်ရေး (၁၉၉၆)
၈။ မြို့ပြလရောင်တမ်းချင်း | Session Players | အိုအေစစ် စတူဒီယို | မာကျူရီ တေးထုတ်လုပ်ရေး (၁၉၉၆ )
၉။ ဝင်ရိုးစွန်းမီး | Session Players | လင်း စတူဒီယို | နာဆာ တေးထုတ်လုပ်ရေး (၁၉၉၇)
၁၀။ အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း | Iron Cross (သူရဲကောင်းလေးများ) | လင်း စတူဒီယို | IC တေးထုတ်လုပ်ရေး (၁၉၉၇)
၁၁။ အမှတ်တရဒဏ်ရာသီချင်းများ (နိုင်ငံခြားသံစဉ်မှီး) | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | Heart တေးထုတ်လုပ်ရေး (၁၉၉၉)
၁၂။ အစိမ်းရောင်ရက်စွဲများ | Iron Cross (သူရဲကောင်းလေးများ) | အိုအေစစ် စတူဒီယို | စံပယ်ဦးတေးသံသွင်း (၂၀၀၁)
၁၃။ တစ်နေ့စာအလွဲများ | Emperor (ဧကရာဇ်) | အိုအေစစ် စတူဒီယို | မန်းသီရိတေးသံသွင်း (၂၀၀၃) (Oct)       Oasis           Emperor       
၁၄။ ချစ်ခြင်းအားဖြင့် (ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ထွက်) | Iron Corss/Trees/Session Players | အိုအေစစ်/PTL/နဝရတ် စတူဒီယို | CMP တေးထုတ်လုပ်ရေး

ကွယ်လွန်ခြင်း (၁) နှစ်ပြည့် ၂၀၀၅ သြဂုတ်တွင် အမှတ်တရ အဖြစ် မကွယ်လွန်ခင် အသံသွင်းယူခဲ့သည့် သီချင်းများကို စုစည်းထားသည့် “ချစ်ခြင်းအားဖြင့်” တေးစု ထွက်ခဲ့သည်။  ၁၉၉၁ “အကြင်နာအိမ်မက်” (အောင်ရင် နှင့် တွဲဖက်)  အပါအဝင် နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ အုပ်စု တေးစု ပေါင်းများစွာလည်း ထွက်ရှိခဲ့သည်။
၂၀၀၄ သြဂုတ် (၁၄) နံနက် ဒေသစံတော်ချိန် ၁၁း၄၀ နာရီတွင် ကွယ်လွန် ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး မသွယ်သွယ်ထွေး နှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။

 
ဓာတ်ပုံ မျှဝေသူ - ဇင်ဝေလတ် (သားငယ်)

**************************
ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၁) (Living Songs Program, Myawaddy TV, 2009)
ထူးအိမ်သင် ၏ ငယ်သူငယ်ချင်း တေးရေး မြင့်မိုးအောင် ပြောပြသည့် အမှတ်တရ အကြောင်းများ နှင့် ထူးအိမ်သင် ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်း "ဝေးသွားတဲ့အခါ" သီချင်း။



ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၂) (Living Songs Program, Myawaddy TV, 2009)
ထူးအိမ်သင် ၏ ဂီတ မိတ်ဆွေ ဆလိုင်းကျင်ခမ်းဖုန်း (Bass Guitarist) ပြောပြသည့်
အမှတ်တရ အကြောင်းများ နှင့် ညီပု ဂုဏ်ပြုသီဆိုထားသည့် "မြို့ပြလရောင်တမ်းချင်း" သီချင်း။


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၃) (Living Songs Program, Myawaddy TV, 2009)
မောင်သစ်မင်း (တေးရေး) အမှတ်တရ ပြန်ပြောသည့် ထူးအိမ်သင် ၏ ပထမဆုံး တေးစု "နာရီပေါ်မှ မျက်ရည်စက်များ" ထုတ်ဖြစ်ပုံ နှင့် ခေါင်းစီး သီချင်း "နာရီပေါ်မှ မျက်ရည်စက်များ" သီချင်း။


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၄) (Living Songs Program, Myawaddy TV, 2009)

"ကျနော် သီချင်းရေးခဲ့တဲ့ သက်တမ်းမှာ
ထူးအိမ်သင်လို လူတယောက်နဲ့
ခင်မင်ခွင့်ရခဲ့အတွက်
အခုထက်ထိ ဂုဏ်ယူလို့ မဆုံးပါဘူး..။"
(တေးရေး ညီညီသွင်)

တေးရေး ညီညီသွင် ပြောပြသည့် အမှတ်တရ အကြောင်းများ နှင့် “Rock N' Roll အပျိုမ” သီချင်း


ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၅) (Living Songs Program, Myawaddy TV, 2009)
“..အမေ့အိမ်...လို့ ပြောလိုက်လို့ရှိရင်
အမေတစ်ယောက်နဲ့ သားတစ်ယောက်အကြောင်းမှာတင်
ရပ်နေမယ့် သီချင်းမျိုး မဟုတ်ဘူး..။”
(တေးရေး မြင့်မိုးအောင်)

သူငယ်ချင်းဖြစ်သူ မြင့်မိုးအောင် ၏ အစီအစဉ် အပိတ် စကား နှင့် ထူးအိမ်သင် ၏ အကောင်းဆုံးဖန်တီးမှုများထဲက တခုဖြစ်သည့် "အမေ့အိမ်" သီချင်း ကို ဂီတမိတ် လူငယ်အဖွဲ့ က  ပြန်လည်ဆန်းသစ် ဂုဏ်ပြုတီးဆိုမှု။


မြဝတီ ရုပ်သံ၊ “ရှင်သန်နေဆဲသီချင်းများ” ကဏ္ဍ ထူးအိမ်သင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ထုတ်လွှင့်ခဲ့သည် “ထူးအိမ်သင် သို့ ချစ်ခြင်းများဖြင့် (၂၀၀၉)” အစီအစဉ် အပိုင်းတချို့ ယခု ထူးအိမ်သင် ကွယ်လွန်ခြင်း (၉) နှစ်ပြည့် “ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်” မိုးမခ အစီအစဉ် အဖြစ် ပြည်လည်တင်ဆက်ရာမှာ မူရင်း အစီအစဉ် စီစဉ်သူ တေးရေး ကိုမြင့်မိုးအောင်၊ မြဝတီ ရုပ်သံ နှင့် ရုပ်သံဗွီဒီယိုဖိုင်မျှဝေသူ ကိုပြည့်စုံ၊ ဓာတ်ပုံ များ မျှဝေသူ ကိုဇင်ဝေလတ် (သားငယ်) တို့ကို ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းတင်အပ်ပါသည်။
(ငြိမ်းချမ်းအေး စုစည်းတင်ပြပါတယ်)

Comments