ငြိမ်းချမ်းအေး - ဗွီအိုင်ပီ ဆင်ဒရုန်း

ဗွီအိုင်ပီ ဆင်ဒရုန်း
ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၃၊ ၂၀၁၃



ဗမာ-ထိုင်း အမျိုးသား ဘောပွဲ အတွက် လက်မှတ်တန်းစီနေတဲ့ လူတန်းရှည်ကြီးကို မြင်တော့ စိုးရိမ်မိတယ်။ ၆၉ ကျွန်းဆွယ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု ရဲ့ လက်ငင်း အကြောင်းက ၆၉ ဆီးယက် ကျွန်းဆွယ်ပွဲ လက်မှတ်ကိစ္စပဲ။ အဲဒီခေတ် လူကြည့်များတဲ့ လက်ဝှေ့ပွဲ ကျောင်းသား များ လက်မှတ်မရ၊ မကြည့်ရခြင်းက စခဲ့တယ်။ 

အခွင့်ထူးခံဓလေ့ ဆောင်းပါးမှာ ဆိုခဲ့သလိုပဲ ၁၉၆၉ ဆိုတော့ စစ်ဗိုလ် အခွင့်ထူးခံဓလေ့ က အဲဒီအချိန်မှာ အတော် အမြစ်တွယ်နေခဲ့ပြီ။ စစ်ဗိုလ်ဟောင်းများရဲ့ မဆလ ပါတီ လူကြီးများကလည်း လူထု အထက် ရောက်နေပြီ။ အဲ့ဒီမှာ စစ်ဗိုလ် လူကြီးကော၊ လူကြီး မယားငယ် ကော၊ မယားပါ သား ကော၊ ယောက်ဖ နှစ်ဝမ်းကွဲပါ မကျန် အတွက် VIP လက်မှတ်ဆိုတာတွေ၊ မေတ္တာလက်ဆောင် လက်မှတ်ဆိုတာတွေက ကျွန်းဆွယ် ပွဲစဉ်အတော်များများ မှာ နေရာ အများကြီး ယူသွားတယ်။ ဒီလက်မှတ်တွေဟာ မှောင်ခို ဈေးကွက် ပြန်ရောက်တာတွေလည်း ရှိတယ်၊ နီးစပ်ရာ ပေးကြည့်တာတွေလည်းရှိတယ်။ တကယ် ဝါသနာပါ ကြည့်ချင်သူ သာမန် ပြည်သူပြည်သား နဲ့ ကျောင်းသား အများစုက ကြည့်ခွင့်မရ ဖြစ်ခဲ့တယ်။

အားကစား ဆက်စပ် အခြေခံ အဆောက်အအုံ အခိုင်အမာ က အင်္ဂလိပ်ခေတ်ကတည်းက ရန်ကုန်တက္ကသိုလ် မှာ ရှိခဲ့တော့ ၆၉ ကျွန်းဆွယ် ပွဲတွေရဲ့ အားကစားနည်းတချို့ကို တက္ကသိုလ် အားကစားကွင်းတွေမှာ လုပ်ခဲ့ရတယ်။ ဆိုတော့ ကျောင်းသားများက သူတို့ ဆီလည်း လာ လုပ်သေးတယ်၊ သူတို့လည်း မကြည့်ရဖြစ်တော့ ပေါက်ကွဲချင် စရာဖြစ်ခဲ့တယ်။ ပိုဆိုးတာက ရန်ကုန်တက္ကသိုလ် ရဲ့ အထင်ကရ အဓိက နေရာ ဖြစ်တဲ့ ဘွဲ့နှင်းသဘင် ခန်းမ မှာပါ မဆီမဆိုင် Martial Art နဲ့ ဆိုင်တဲ့ အားကစား နည်းတခု ပြိုင်ပွဲ တက်လုပ်တယ်။ ဘွဲ့နှင်းသဘင် နေရာဆိုတာ တက္ကသိုလ်ကျောင်းသား အတွက် ပညာရေး ခရီးလမ်း အစအဦး နဲ့ အောင်မြင်မှု လမ်းအဆုံးမှာမှ ခြေချခွင့်ရတဲ့ အရေးကြီး အထွတ်အမြတ် နေရာဖြစ်တော့ ဒီကိစ္စကိုလည်း ကျောင်းသားများက မကျေနပ်ကြဘူး။ ဒီအနေအထားမှာ လက်မှတ်တန်းစီ ရာမှာ ကျောင်းသားတွေ နဲ့ ရဲ ပြဿနာ တက်ပြီး ရဲက အကြမ်းဖက်ခဲ့တယ်။ ဒီလို အစုစု မကျေနပ်ချက်တွေက ၆၉ ကျွန်းဆွယ် ကျောင်းသားလှုပ်ရှားမှု ကို ဖြစ်စေခဲ့တယ်။

တကယ် နောက်ခံ အကြောင်းကတော့ တိုင်းပြည်ရဲ့ အထွေထွေ ပြဿနာ ရပ်များ နဲ့ နိုင်ငံရေး အခြေအနေကို မနှစ်မြို့မှုကြောင့်ပါ။ မဆလ၊ အထူးသဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး နအဖ၊ နဝတ ခေတ် အဆက်ဆက် ကျောင်းသား နိုင်ငံရေး အရောင် ကို စနစ်တကျ ပျောက်စေဖို့ အလို့ငှာ မတော်တရော် အခွင့်အရေး ကျောင်းသား ကို လော်ဘီလုပ်ပေး ဖျက်ဆီးခြင်း မခံရသေးချိန်ဆိုတော့ မဆလ ရဲ့ ဆိုရှယ်လစ် အရေခြုံ စစ်အာဏာရှင်စနစ် ကို စကတည်းက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လာခဲ့တာက ကျောင်းသား အဝန်းအဝိုင်းပဲ ရှိခဲ့တယ်။ (ဒီလို ၈၈၈၈ နောက်ပိုင်း ကျောင်းသား အရောင် ပျောက်တဲ့ သဘော ဆိုလိုက်တော့ ၉၆ နဲ့ ၂၀၀၇ ကျောင်းသား မျိုးဆက်ကို အားနာပါရဲ့..။ ယေဘုယျ သဘော ကိုသာ ဆိုလိုတာပါ။)

၆၂ မှာ တက္ကသိုလ်ဘုန်းနိုင် စာရေးဆရာ ဖြစ်တယ်၊ ဝင်းဦး ရုပ်ရှင်မင်းသားဖြစ်တယ်၊ ပြည်ထောင်စုမယ် ခင်သန်းနု နာမည် စကြီးတယ်။ ဒါက အဲဒီခေတ် ဗမာပြည် ကို သိမ်းခဲ့တဲ့ စစ်အုပ်စု ဗိုလ်နေဝင်း နဲ့ ဖွားဖက်တော်တွေ ဆိုပါစို့။

အဲဒီ နှစ်ကာလတွေမှာ မဆလ စစ်အစိုးရ ကို ဆန့်ကျင်မယ့် နိုင်ငံရေး အုပ်စု က ထောင်ထဲမှာ၊ တောထဲမှာ၊ ကျန်တဲ့သူက ခွေးကတက် လမ်းစဉ်၊ စာနယ်ဇင်း မီဒီယာ ကိုလည်း သင်းကွပ်ပြီးပြီ၊ စာပေ မှာလည်း လက်ဝဲအယောင် များက ဆိုရှယ်လစ် အနံ့ပေးထားတဲ့ မဆလ အပင်း ကို ဆို့လျက်၊ လက်ဝဲ အစစ်များကလည်း ထောင်ထဲ၊ တောထဲမှာ။ လက်ယာများက မလှုပ်ဝံ့။ 

တက်သစ်စ ပညာတတ် အလိ တက္ကသိုလ်ဘုန်းနိုင် ဟာ အနောက်တိုင်း စံချိန်မီ ဂန္တဝင် ဝတ္ထု ရှည်ကြီးများကို ကိုယ်ပိုင် ရေးနိုင်စွမ်းတဲ့ ဗမာပြည် ရဲ့ ရှားပါး စာရေးဆရာ၊ ဒါပေသိ နိုင်ငံရေး အရ (အဲဒီ အချိန်) အဖောက်ပြန်ဆုံး။ သူ့ ရဲ့ အောင်မြင်နေတဲ့ ဝတ္ထုရှည်ကြီးတွေထဲမှာ ဗိုလ်ချုပ်ကြီး အစိုးရ ချီးမွမ်းခန်းတွေက မမြင်ချင် အဆုံး။ ၈၈ မှာ တာဝန်ကျေခဲ့တော့မှ မဆုံးခင် နိုင်ငံရေး ဂုဏ်သိက္ခာ ပြန်ရခဲ့တယ်။ 

ဝါရင့် နိုင်ငံရေး၊ စာပေ သြဇာ ရှိသူ လက်ဝဲ သိန်းဖေမြင့် က လည်း ဗိုလ်ချုပ်ကြီး အစိုးရ ကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ဆိုနေချိန်။

ဆိုတော့ ၆၂ က စလို့ မြေပေါ် နိုင်ငံရေး မှာ ကျောင်းသား က လွဲလို့ တိုင်းပြည်ရဲ့ အုပ်စု အသီးသီးဟာ ဗိုလ်ချုပ်ကြီး အစိုးရ ကို ထောက်ခံလျက် ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးမှာ အင်တိုက်အားတိုက် ပါဝင်နေခဲ့တယ်။ အခု “ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဆီသို့” ဆိုတဲ့ အင်အားစု အသီးသီး နဲ့ ဟုတ်နိုးနိုး နဲ့ ယောင်နေရတဲ့ ပြည်သူများရဲ့ တက်ကြွမှု၊ မျှောင်လင့်ချက် အတိုင်းပဲပေါ့။

ဒီလို နောက်ခံ မှာ ၆၉ လှုပ်ရှားမှု ဟာ အထင်ကရကြီး မဟုတ်ခဲ့ပေမယ့် ၆၂ 7th July ကျောင်းသား စိတ်ဓာတ် ကို လက်ဆင့်ကမ်းနိုင်ခဲ့တယ်။ စစ်အာဏာရှင်စနစ် ရဲ့ သရုပ် ကို မြင်စေတယ်။ ကြားနှစ်ကာလ ၁၉၆၇ က စလို့ (အခု ကုလားဖက် ဓားဦးလှည့်ပေးနေသလို) တရုတ်ဖက် လှည့်ရန်တိုက်ပေးနေတဲ့ တရုတ်-ဗမာ အရေးအခင်းတွေ ကနေ တကယ့် တိုင်းပြည် ရန်သူ အစစ်က မဆလ “စစ်အုပ်စု” ဆိုတာကို ဒီလို လှုပ်ရှားမှုတွေကနေ ဖေါ်ဆောင်နိုင်ခဲ့တယ်။

အခု ဆီးဂိမ် မှာ လက်မှတ်ကိစ္စ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ လက်လှမ်းမမီတော့ ဂဃဏန မဆိုနိုင်ပါဘူး။ ဒါပေမယ့် VIP တွေ၊ မှောင်ခိုလက်မှတ်တွေ (အထူးသဖြင့် ဘောပွဲ) ရှိနေမယ်ဆိုတာတော့ သေချာပေါက် ပြောနိုင်တယ်။ အခွင့်ထူးခံ ဓလေ့က တိုင်းပြည် ရဲ့ နေရာ ကဏ္ဍစုံ မှာ အသားကျနေခဲ့တာကိုး။

တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေခြင်း နဲ့အတူ စစ်တပ် ထုံး အထက်-အောက် မတရား ဖိနှိပ်မှု၊ ကြောက်ရမှု၊ အခွင့်ထူးခံလိုမှု နဲ့ စီနီယာ-ဂျူနီယာ ဓလေ့ က တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ယန္တရာ နဲ့ နယ်ပယ်အသီးသီမှာ စိမ့်ဝင်သွားခဲ့တယ်။ စစ်တပ်သာ အရာရာ ကြီးစိုးရာ ဖြစ်ခဲ့တော့ လက်နက်ကိုင် အဖွဲ့အစည်းချင်းမှာကို စစ်ဗိုလ်ငယ် အဆင့်က ရဲမှူး အဆင့် ကိုနိုင်တယ်။ ရဲ ရာထူးကြီးကြီးဆိုတာ က စစ်တပ် က လာသူအတွက်သာ ဖြစ်တယ်။ အခြား အရပ်ဖက် အုပ်ချုပ်ရေး ရာထူးကြီးများမှာလည်း စစ်တပ်က သူများသာ နေရာအများစု ယူထားခဲ့တော့ စစ်တပ် စရိုက် သီးသန့် အခွင့်ထူးခံခွင့် Privilege နဲ့ ခံလိုမှု က ဗမာပြည် မှာ တဦးချင်းသဘော မဟုတ်ဘဲ ဓလေ့ ဖြစ်သွားခဲ့တယ်။

ဗိုလ်ကြီးကြောက်ရောဂါ လို့လည်း ခေါ်နိုင်တယ်။ ဗိုလ်ကြီး ဆို ဘာမှန်း၊ ညာမှန်းမသိ ကြောက်ရတာကိုး။ နယ်တွေမှာဆို ပိုသိသာတယ်။ စိမ်းစိမ်း မြင်ရင် အတိတ် ကိုလိုနီခေတ် အရေးပိုင် အိမ်ကြွသလို အိမ်က နှမနဲ့ ကြက်များ မျက်ခုံးလှုပ်၊ ပုန်းရတဲ့ အထိ ကြောက်ခဲ့ကြရတယ်။

ရေးရင်းနဲ့ အဖေ့ နဲ့ အဖေ တပည့် လူပျော်ကြီး တယောက် ရဲ့ ဗိုလ်ကြီး ပုံပြင် ကလေးကိုတောင် သတိရပါရဲ့။ ငယ်စဉ်က နေထိုင်ခဲ့တဲ့ ဧရာဝတီမြစ် ကမ်းဘေးက တိုင်းမြို့ တခု မှာ အဖေ နဲ့ သူတပည့် တယောက် က မြစ်ကူးဖို့ ဇက်သင်္ဘော စောင့် တန်းစီနေတယ်။ ကူးမယ့် ကားတွေက များတော့ ဒီတခေါက် မပါနိုင်မှန်းသိတဲ့ အဖေ့ တပည့် က ခပ်တည်တည် နဲ့ ကြီးကြပ်နေတဲ့ စစ်သားကလေးကို သွားဖိန့်တယ်။ “ဟာ..မင်းတို့က ကြာလိုက်တာကွာ၊ ကားပေါ်မှာ ဗိုလ်ကြီး စိတ်တိုနေပြီကွ..” လို့ ဆိုလိုက်တယ်။ စစ်သားလေးလည်း ပြာယာခတ် သွားပြီး အဖေ တို့ကားကို အရင် လမ်းရှင်းပေးလိုက်တယ်။ ဇက်ပေါ် ကားရောက်တော့ စစ်သားလေးက မျက်နှာလိုအားရ လာနှုတ်ဆက်ရှာတယ်။ ဘယ်တပ်က ဗိုလ်ကြီးလဲ ပေါ့။ လူပျော် အဖေတပည့် က “မုဆိုးဖို(ဘို) ကြီးဟေ့.. မုဆိုးဖို(ဘို)ကြီး ကွ..” လို့ ပြန်ဖြေတယ်လို့ ဆိုတယ်။

ဒီလိုနဲ့.. တိုင်းပြည်မှာ ဗိုလ်ကြီးရယ်၊ ဗိုလ်မှူးရယ်၊ တိုင်းမှူးရယ်၊ အဘ ဝန်ကြီးရယ် နဲ့ သူတို့ရဲ့ အဆက်အနွယ်များသာ တန်းစီ တာက စလို့ ရထား လက်မှတ်၊ လေယာဉ်လက်မှတ် အလယ် ဖုန်း၊ မြေ၊ သစ်၊ စီးပွား ပါမစ် အဆုံး လက်ဝါးကြီးအုပ် အခွင့်ထူးခံလာခဲ့တယ်။ အခုဆိုရင် အာဏာရ နိုင်ငံရေးသမား ဆိုသူ များပါ ပါလာပြီပေါ့။ အရာရာ အခွင့်ထူးခံနေရတဲ့ အရေးကြီးပုဂ္ဂိုလ်များပေါ့။

VIP ကို ကျနော် က “Very Insecure Person” လို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။ လူထဲက လူတယောက်လို မနေနိုင်ခြင်းက မိမိဘာသာ မိမိ ယုံကြည်စိတ်ချမှုမဲ့၊ လူတန်းမဝင်၊ စိတ်လုံခြုံမှု မဲ့ နေလို့ ဖြစ်တယ်။ ဒီစိတ်ကနေ လူ့ အရည်အသွေး ကို ကျ စေပြီး အရာရာ အလွယ်လမ်းလိုက်ချင်၊ သူများကို အားကိုးချင်၊ အခွင့်ထူးခံချင် ဖြစ်လာတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှု၊ လူတန်းမဝင်မှု ကို ဝန်မခံနိုင်တော့ “ငါတို့က သူများနဲ့ မတူ အရေးကြီး ပုဂ္ဂိုလ်များဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက် ကို ပေးကာ လက်ဝက်ရှိတဲ့ အာဏာ ကို အလွဲသုံးစား တရားလွန် အသုံးချရင်းနဲ့ VIP အရသာ ကို နှစ်ခြိုက်သွားခဲ့ကြတယ်။ ဥပမာ - အသေးအဖွဲ ဖိနပ်ကြိုးချည် တာကာ စလို့်ပေါ့..။ အခု သမ္မတ ဆိုသူ ဗိုလ်သိန်းစိန် ကြည့်ပေါ့။ သူ လူဝတ်လဲခါစက နာမည်ကျော်ခဲ့တဲ့ ဓာတ်ပုံ ကို ကြည့်ရင် စစ်တပ် ရဲ့ VIP အရသာ နှစ်ခြိုက်မှု ဓလေ့ ကို မြင်နိုင်မှာပါ။ 

ကျောင်းတုန်းက ကြီးကြီးမာစာတာ များ ရဲ့ သားများ အချင်းချင်း ပြိုင်ကြတဲ့ “မင်း ဘာ ကောင်လဲ၊ ငါ ဘာ ကောင်လဲ” ပြဿနာ ကိုလည်း သတိရမိလိုက်ပြန်ပါတယ်။ တယောက်က “ငါ က ဗိုလ်မှူး သား ကွ” လို့ ဆိုတယ်၊ အဲ့တော့ ဗိုလ်ချုပ်သား က “ငါ့ အဖေ က ဗိုလ်မှူး ဆိုရင် ဖိနပ် တိုက်ခိုင်းတာ ကွ” လို့ ပြန်ဆိုတယ်။ ဗိုလ်မှူး သားခမျာ လည်း ပါးစပ်ကို ပိတ်၊ တပည့်ခံ ရရှာတော့တယ်။ ကျနော်တို့ကလည်း ဆိုပါတယ်။ “ငါ့ အဖေ က ပုခုံးပေါ် အပွင့်တွေ အပြည့်နဲ့ကွ..၊ အရံမီးသတ် က..” တို့.. “ငါ့ အဖေ က တိုင်းမှူး ကွ.. အတိုင်း အတာ နဲ့ တိုင်း တိုင်းပြီး မူးတာ” တို့..။ 

ဒီလိုနဲ့ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီး၊ မျိုးဆက်အသီးသီးဟာ VIP အရသာရဲ့ ဒဏ်ကို ခံခဲ့ကြရတယ်။

စိတ်ရောဂါ ဆေးပညာအရဆိုရင်တော့ VIP Syndrome လို့ပဲ အမည်ပေးရမလားမသိ။

အခု ဆီးဂိမ်းပြိုင်ပွဲလည်း VIP Syndrome နဲ့ နောက်ဆက်တွဲ ပြဿနာတွေကင်းဖို့ မရဲတရဲ မျှော်လင့်ပါတယ်။

စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းရေး လူထု အုံ့ကြွမှု ဖြစ်စဉ်၊ ဖြစ်ရပ်တိုင်းကို လုံးဝဥဿုံ ထောက်ခံ ကြိုဆိုတယ်။ အသေးအဖွဲကလေးတွေကနေ အရေးတော်ပုံကြီး တွေ ဖြစ်၊ အောင်မြင်ပြီးမြောက်သွားနိုင်တယ် ဆိုတာလည်း နားလည်တယ်။ ဒါပေမယ့် စစ်တပိုင်း အစိုးရ အကြောင်းပြ ကောင်းရုံ၊ နောက်ပြန်လှည့် အကြောက်တရား အပင်းဆို့နေတဲ့ “လန်ကြောက်သမားများ” ဆင်ခြေပေး ကောင်းရုံ ဖြစ်စဉ် ဖြစ်ရပ်တွေကိုတော့ မဖြစ်စေချင်ပါ။

ဆိုတော့ VIP Syndrome ဆီးဂိမ်းမှာ ကင်းဝေးနိုင်ပါစေ။