မင်းကျော်ခိုင် (ပန်းချီ) - ကျနော်နဲ့ ဂီတသူရဲကောင်းများ အပိုင်း (၃)

ကျနော်နဲ့ ဂီတသူရဲကောင်းများ အပိုင်း (၃)
မင်းကျော်ခိုင် (ပန်းချီ)
(မိုးမခ မှ ပြန်လည် တင်ဆက်သည်။)
ဇန္နဝါရီ ၂၆၊ ၂၀၁၄


ထူးအိမ်သင် နှင့် မွန်းအောင် အား ၈၈၈၈ လုံးမတိုင်မီ စင်တင်ပွဲတခု၌ အတူ တွေ့ရစဉ်
ဓာတ်ပုံ မျှဝေသူ - ကိုမင်းကျော်သူ (အဆိုတော် တူးတူး)

(ကို) မင်းကျော်ခိုင် (ပန်းချီ) (နယူးယောက်) ၂၀၁၃ ခုနှစ် အတွင်း ရေးသားခဲ့သည့် “ကျနော်နဲ့ ဂီတသူရဲကောင်းများ” အပိုင်းများကို မိုးမခ က ပြန်လည် စုစည်း တင်ဆက် နေရာမှာ မနှစ် က (၂၀၁၃)  မိုးမခ အပိုင်း (၂) ပိုင်း သာ တင်ဆက်ခဲ့ရသည်။  ယခု ကျန်သည့် အပိုင်း များကို စုစည်း၍ မိုးမခ စာဖတ်ပရိသတ် အတွက် ဆက်လက် တင်ဆက်သွားမည် ဖြစ်သည်။  ကြားမှာ အကြောင်းအမျိုးမျိုးကြောင့် ပြတ်တောက်သွားခဲ့သည့် အတွက် မိုးမခ ပရိသတ်အား တောင်းပန်အပ်ပါသည်။  ဆောင်းပါးရှင် (ကို) မင်းကျော်ခိုင် (ပန်းချီ) အားလည်း မိုးမခက ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

မိုးမခ က တင်ဆက်ခဲ့ပြီး အပိုင်း (၁) ပြန်ဖတ်ရန် :

မိုးမခ က တင်ဆက်ခဲ့ပြီး အပိုင်း (၂) ပြန်ဖတ်ရန် :

ထူးအိမ်သင် (၁၉၆၃-၂၀၀၄)
Illustrated by Min Kyaw Khine (Artist)

ထူးအိမ်သင် ဆုံးပြီးနောက် ကျနော်နဲ့ မွန်းအောင် အောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့ ဘုရားသုံးဆူ စမ်ခပူရီကို လာကြတဲ့အခါ ကျနော်တို့ နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ အရင် ထူးအိမ်သင် ပါ ကျနော်တို့ )၃) ယောက် အတူ ထိုင်ခဲ့ကြဖူးတဲ့ ဆိုခဲ့တဲ့ ကျောက်ခုံနေရာလေးကို ပြန်သွားခဲ့ကြတော့ နေရာတွေ အားလုံးဟာ လုံးဝ ပြောင်းလဲနေပါပြီ။  ကျောက်ခုံလေးလည်း မတွေ့တော့ပါဘူး။

ထူးအိမ်သင်က ကျနော် ဘန်ကောက် တက်ခါနီး သူလည်း “ငါ ပြန်ချင်ပြီကွာ၊ ဒီမှာ ငှက်ဖျားနဲ့ အစားအသောက် အဆင်မပြေတာနဲ့ မလွယ်ဘူး၊ ငါ့သူငယ်ချင်း ကိုကျောက်ခဲဆိုတာ မဲဆောက်မှာရှိတယ်၊ တကယ်လို့များ မင်း မဲဆောက်ဘက်ရောက်ခဲ့ရင် ငါ့ စာလေး ပေးပေးပါကွာ” ဆိုပြီး ကိုကျောက်ခဲအတွက် အိတ်ဖွင့်ထားတဲ့ စာတစောင် ကျနော်နဲ့ လူကြုံပါးတယ်။  အမှန်ကတော့ ပိုက်ဆံအကူအညီလှမ်းတောင်းတဲ့စာပါ။  ကျနော်လည်း “ငါရောက်ရင် စုံစမ်းပြီးပေးပေးပါ့မယ်” လို့ ပြောခဲ့ပေမယ့် ကျနော့်မှာ ဘန်ကောက်လည်းမရောက်၊ မဲဆောက်ကိုဆို ဝေလာဝေး၊ လမ်းတဝက်မှာတင် လ တော်တော်ကြာအောင် ရွာလည်နေခဲ့တယ်။

မွန်းအောင် (၁၉၆၀-)
Illustrated by Min Kyaw Khine (Artist)

ဒါပေမယ့် ထူးအိမ်သင်ကို မွန်းအောင်က သူ့ စခန်းကို ခေါ်သွားခဲ့တယ်လို့ နောက်မှ သိရပါတယ်။  နောက် ထူးအိမ်သင်က မွန်းအောင်နဲ့ အတူနေရင်း တော်လှန်ရေး သမိုင်းဝင် သီချင်းတပုဒ်ဖြစ်တဲ့ “အရေးကြီးပြီ” သီချင်းကို ရေးပေးခဲ့တာ သိရတော့ သူ့အတွက် လေးစားဂုဏ်ယူမိပါတယ်။  အဲဒီ အချိန်တွေမှာ ကျနော် သူတို့နဲ့ မရှိတဲ့အတွက် အသေးစိတ် ကျနော်မသိပါဘူး။  နောက်မှ မွန်းအောင်ကို ဖုန်းဆက်ပြီးမေးကြည့်ပါဦးမယ်။

အရေးကြီးပြီ၊ သံစဉ်/စာသား - ထူးအိမ်သင်၊ တေးဆို - မွန်းအောင်၊ တေးစု - ငြိမ်းချမ်းရေးတိုက်ပွဲ (၁၉၉၂)
(ဘန်ကောက်တွင် အသံသွင်း၍  ပြည်တွင်း၌ လျှို့ဝှက်ဖြန့်ချီခဲ့သည်။)


ကိုနေဝင်းတို့ အကြောင်းဘက် ပြန်ဆက်ရရင် ကိုနေဝင်းက သူရေးတဲ့ “ခွန်အားဖြည့်မိငယ်” သီချင်းကို ခရမ်းပြာအဆောင် သူ့ အခန်းမှာ ဆိုတော့ သူ့ စာသားထဲမှာ “ရဲရင့်မှ ကျော်ဖြတ်သွား” ဆိုတာပါတယ်။  သူ့ သီချင်းဆုံးတော့ ကိုရဲက “ရဲရင့်ကကျော်သွားတော့ ကေသွယ်ရုံကို ရောက်မှာပေါ့” ဆိုပြီး ကျနော့်ကို လှမ်းကြည့်ပြီး ပြောတယ်။  ကိုနေဝင်းကတော့ ကိုရဲအကြောင်း သိပြီးသားဆိုတော့ ဘာမှ ပြန်မပြောဘူး။

ခွန်အားဖြည့် မိငယ်၊ သံစဉ်/စာသား - ကိုနေဝင်း၊ တေးဆို - ရာပြည့် (၁၉၇၇) ၊ ခင်မောင်တိုး (၁၉၈၁)


ကိုနေဝင်း (မဇ္ဈိမလှိုင်း) (၁၉၅၀-)
Illustrated by Min Kyaw Khine (Artist)


ကိုရဲလွင် (မဇ္ဈိမလှိုင်း) (၁၉၄၇-)
Illustrated by Min Kyaw Khine (Artist)

အဲဒီတုန်းက ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး တလျှာက်မှာ ပန်းဆိုးတန်း ဘက်ခြမ်း ရောက်တော့ “ရဲရင့်ရုံ” (အိန္ဒိယရုပ်ရှင်တွေပြတဲ့ရုံ)၊ သူ့ကိုကျော်သွားရင် “ကေသွယ်ရုံ” ရှိတာကိုး..။  ကိုရဲက အဲလို စကားအစ အန လေးတွေ ကောက်ကောက်ပြီး နောက်တတ်တယ်။  ဒါကြောင့်သူက လူချစ်လူခင်များတယ်။

ကိုရဲနဲ့ ကျနော်က အတွဲများတယ်။  သူ တခါ တခါ အင်းစိန် ဘက်သွားရင် ကျနော့်ကို ခေါ်ခေါ်သွားတတ်တယ်။  
တခါသား ကျနော်တို့ နှစ်ယောက် ကောင်းကောင်းနဲ့ အင်းစိန်က စံပ္ပါယ်ရုံလမ်းဘက်သွားကြတယ်။  ကျနော်နဲ့ လမ်းမှာ ဟိုအကြောင်း ဒီအကြောင်းတွေ ပြောပြီးသွားကြတာပါပဲ။  ညဘက်ကျ ကျနော်တို့နှစ်ယောက် အရက်အတူ သောက်ဖြစ်ကြတော့ အဲဒီမှာကိုရဲက ကျနော့်ကိုရင်ဖွင့်တယ်။

“မိုင်ကျော်ခင်းရာ.. ကိုယ် သူ့ အပေါ် ဘယ်တော့မှ မေ့လို့မရဘူးကွာ..၊ ဟိုး.. အဝေး ကနေ ကတည်းက အလိုလို ရင်တွေခုန်နေတယ်၊ လမ်းမှာ သူနဲ့ တွေ့ဖို့ မဆိုထားနဲ့ အိမ်ထဲကို ပြန်ဝင်သွားတဲ့ သူ့ ခြေဖဝါးလေး တဖက်ပဲ ကိုယ်မြင်လိုက်၊ သူမှန်း ကိုယ်သိတယ်၊ ရင်တွေအရမ်းခုန်တယ်၊ အဲဒီ လမ်းထဲကို လျှောက်ရမှာ ကိုယ် မရဲဘူးကွာ..၊ မရဲပေမယ့် သွားလည်း သွားချင်တယ်” လို့ ပြောတယ်။

ကျနော်သိတယ်၊ ကျနော် ကိုရဲနဲ့ ညီအကိုလို ပေါင်းနေကြတာပဲဗျာ။  သူ အဲလို ရင်ဖွင့်တဲ့အချိန် ကျနော်တို့မှာ ဂစ်တာမပါဘူး။  ပါရင် ကျနော်သူ့ကို ဘာသီချင်းတီး ခိုင်းမယ်ထင်သလဲ..။  “ဒွိဟစိတ်နဲ့ သုညမှာ”၊ နောက်တပုဒ်က “ကိုယ်မငိုတတ်တော့ဘူး”...။  အဲဒီသီချင်းတွေက ကိုရဲရဲ့ သူ့ ချစ်သူ အလွမ်းသီချင်း တွေပါ။  သူ့ရင်ဘတ်နဲ့ ရေးခဲ့တာတွေ။

(ကိုယ်) မငိုတတ်တော့ဘူး (Three Versions) ဖိုးချို (၁၉၈၃) ၊ ရာပြည့် (၁၉၈၄) ၊ ခင်ဝမ်း (၁၉၈၆)


အချစ်ဆိုတာ ပေါင်းရသည်ဖြစ်စေ၊ မပေါင်းရသည်ဖြစ်စေ ကိုယ်က အမြဲချစ်နေမှာပဲလေ။  သူ့နာမည်က တိုးတိုး..။  ပြန်ကြည့် သူ့သီချင်းတွေမှာ ‘တိုး’ ဆိုတဲ့ စကားလုံး ပါတာများတယ်။  နောက်တခု ကိုရဲက ကိုတိုးအပေါ် သံယောဇဉ်ကြီးတဲ့အထဲ အဲဒါလည်းပါတယ်။

တကယ်တော့ ကိုရဲက သူ့ အပေါင်းအသင်းတွေ အားလုံးကို သံယောဇဉ် ကြီးပါတယ်။  ကိုရဲ ရဲ့ ခဏ ခဏ အဟောက် ခံရတာကတော့ ကိုဇော်ကြီး (မဇ္ဈိမလှိုင်း ကိုဇော်မျိုးထွဋ်)။  ကိုဇော်ကြီး အမေရိကား လာတော့ ကျနော့် ကိုပြောတယ်။  “ကိုရဲက ကျနော့် ဆို ရည်ရည်လည်လည်ကောတယ်ဗျာ” တဲ့။  ကိုရဲက ချစ်လို့ ကောတာနေမှာပေါ့..။  (တက်ဆက်သူ မှတ်ချက် - ယခု ဤ စာ ပြန်လည် ဖော်ပြချိန် ၂၀၁၄ နှစ်စမှာ (ကို) ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) တယောက် မထင်မှတ်ဘဲ ဆုံးပါးသွားခဲ့ရတယ်။)


ဇော်မျိုးထွဋ် (မဇ္စ္ဈိမလှိုင်း) (၁၉၆၀-၂၀၁၄)
Illustrated by Min Kyaw Khine (Artist)

နောက် ကိုရဲက ငွေနဲ့ ပတ်သက်လို့ တပ်မက်မှုမရှိဘူး၊ မှတ်မိသေးတယ် သူ အမေရိကား လာခါနီး ကျနော်နဲ့ ဖုန်းပြောတော့ “မိုင်ကျော်ခင်း ကိုယ်ကတော့ အမေရိကားကို လွယ်အိတ်တလုံးနဲ့ပဲ လာမှာနော်၊ ကျန်တာမိုင်ကျော်ခင်းတာဝန်ပဲ...၊ လွယ်အိတ်နဲ့လာပြီး အပြန်ကျ အိတ်နဲ့လွယ်ပြန်မှာ...”။ 

ကိုရဲနဲ့ စကားပြောရင် အဲလို၊ ကျနော်ကလည်း ဘယ်ရမလဲ “ကိုရဲ ဒီမှာ လွယ်လွယ်နဲ့ အိပ်လို့ရမယ်ထင်သလား! မိတ်ဆက်မယ့် သူတွေ Message ပို့ထားတာ နည်း တာမဟုတ်ဘူးလို့....”။

ကိုရဲ ကျနော့်ကို ပြောပြတာတခုရှိသေးတယ်..။  မင်းသား ကျော်ဟိန်း နဲ့ကိစ္စပါ။

တခါသား သူ့ ငယ်သူငယ်ချင်း ကျော်ဟိန်းက သူ့ကိုခေါ်တွေ့တယ်..။

“ရဲကြီး.. ဒို့.. ငယ်ငယ်တုန်းက ရထားသံလမ်းဘေးမှာ အတူပေခဲ့တေခဲ့ကြဖူးတယ်။ ခု ကိုယ်က နာမည်ကျော်မင်းသားကျော်ဟိန်းဖြစ်နေပြီ၊ ခု ကိုယ်က ရဲကြီးကို ခေါ်တွေ့တယ်၊ ရဲကြီး ကိုယ့်ဆီလာရတယ်၊ ကိုယ် သီချင်းဆိုမလို့ ဒါကြောင့်ရဲကြီးကို ကိုယ်ဆိုမယ့် သီချင်း တခွေစာအပ်မလို့၊ ရဲကြီး ကိုယ့်ကိုရေးပေးပါ၊ ရေးရမဲ့သီချင်းတွေ ကိုယ်ရွေးထားပြီးသား... သံစဉ်ကရှိပြီးသားဆိုတော့ ရဲကြီးက စာသားသွင်းရုံပဲ၊ ကိုယ် ရဲကြီးတောင်းတဲ့ဈေး ကိုယ်ပေးမယ်၊ ကိုယ်တို့ သူငယ်ချင်းတွေပဲကွာ..၊ အိုကေ မဟုတ်လား”

ဆိုပြီး ကျော်ဟိန်းက ပြောတယ်။

ကိုရဲက “ငါ မရေးပေးနိုင်ဘူးဖိုးကျော်၊ ငါ ကော်ပီသီချင်းဘယ်တော့မှ မရေးတော့ဘူးလို့ ဆုံးဖြတ်ပြီးသား၊ ငွေမရှိပေမယ့် ငွေရဖို့အတွက် အဲလိုရေးခိုင်းတိုင်း ငါမရေးဘူး၊ မင်းဆိုချင်ရင် ငါ ကိုယ်ပိုင်သံစဉ်သီချင်းတွေရှိတယ်” လို့ ကိုရဲကပြောတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေက ပေါက်ဖို့ မသေချာဘူး၊ ကမ္ဘာမှာပေါက်ပြီးသားသီချင်းတွေကိုပြန်ဆိုမှ ပရိသတ်ကလက်ခံမှာဆိုပြီး ကျော်ဟိန်းက ပြန်ငြင်းတယ်။  

အဲဒီမှာတင်ပဲ သီချင်းကိစ္စပြတ်သွားတယ်။

ဒါပေမယ့် ကိုရဲကို ကျော်ဟိန်းက ကိုရဲ သူ့ဆီက မပြန်ခင် “ရဲကြီး အရင်တုန်းက ဒို့ဟာ ဘာမှမဟုတ်ကြပေမဲ့ ခုချိန်မှာ မင်းသူငယ်ချင်းဖိုးကျော်ဟာ ခု ကျော်ဟိန်းဖြစ်နေပြီ၊ တနေ့ကျရင် ရဲကြီးဟာလဲ ရဲလွင်ဆိုတဲ့ နံမည်ကြီးတယောက်အနေနဲ့ ကိုယ့်ကို ဟေ့ ဖိုးကျော် ငါ မင်းကိုတွေ့ချင်တယ်၊ ငါ့ဆီလာခဲ့ဦး လို့ ခေါ်တာမျိုး ကိုယ်ကြားချင်တယ်” ဆိုပြီး ပြောလိုက်တယ်လို့ ဆိုတယ်။

ကိုရဲက သူ့အနုပညာကို ဘယ်တော့မှ ငွေနဲ့ ရောင်းစား၊ လုပ်စားတတ်တဲ့သူမှမဟုတ်ဘဲ၊ ပြုံးပြုံးလေးပဲပြန်ခဲ့တာပါ။

ခုအချိန်ပြန်တွေးကြည့်ပါ။  ကျော်ဟိန်းကိုလည်း သူခေါ်စရာမလိုပါဘူး၊ ကိုရဲလွင်ဆိုတာခု ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သား၊ လူထုချစ်တဲ့ လူထုဘက်တော်သားဖြစ်နေပြီလေ။  ဒါတွေကို ကိုရဲ တမင် ဖန်တီးယူခဲ့တာမှ မဟုတ်ဘဲ၊ လူထုက ကိုရဲအပေါ် သူတို့ ဘာသာ သူတို့ မေတ္တာ တုံ့ပြန်ခဲ့ကြတာပဲ။

ကိုရဲရဲ့ ညီမအငယ်ဆုံး မမေမေပြုံး မနှစ်က အမေရိကားလာတော့ ကျနော်တို့ ကျော်စွာသန့်၊ ချောအိသိန်းတို့ရဲ့ art@apt မှာဆုံကြတယ်။  မမေမေပြုံးက ဘာပြောလဲဆိုတော့ “ကိုလေးနဲ့ အပြင်သွားရင် တက္ကစီသမားတွေက ဈေးလျှော့သလားမမေးနဲ့၊ တခါတခါ အလကားတောင်လိုက်ပို့ပေးတယ်၊ ဒို့ချည်းပဲဆိုရင် အလကား ဝေးစွ ဈေးတောင်လျှော့မပေးဘူး..၊ ဟဲ့ မနေ့ကပဲ ငါတို့အကို ကိုရဲလွင်နဲ့ နင့်ကားစီးသေးတယ်လေလို့ ပြောတော့ ကိုရဲကြီးက ကိုရဲကြီးပဲလေ အမတို့က အမတို့ပဲ မတူဘူး၊ ကျနော်တို့က ကိုရဲကြီးကို ချစ်လို့ လေးစားလို့ အမြဲကူညီတာလို့” ပြောပါသတဲ့ဗျာ....။

ပြည်သူကို တကယ်ချစ်တဲ့သူတွေကို ပြည်သူတွေကလည်း တကယ်ပြန်ချစ်ကြတာပါ၊ ကူညီကြမှာပါ။  

ကျနော်တို့ သမိုင်းဝင်းထဲက အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြရင် မိုးရွာတဲ့ည တွေမှာ အဆောင်တွေကူးတဲ့ စင်္ကြန်လမ်း အမိုးအောက်ကနေပဲ ဆိုကြတာ၊ မိုးမရွာတဲ့ ညတွေဆိုရင်တော့ စင်္ကြန်လမ်း အမိုးပေါ်တက်ဆိုကြတယ်၊ အမိုးပေါ်ဆိုရင် အင်ကြင်အဆောင် သူအခန်းတွေနဲ့ တော်တော်ကို နီးသွားတယ်။  တခါတလေ ညတွေမှာ အဆောင်သူတွေ အခန်းမီးတွေမှိတ်၊ လုံးဝ ငြိမ်သက်နေရာကနေ ရုတ်တရက် သူတို့အချင်းချင်း စ ကြတဲ့ပုံစံမျိုး သူတို့ထဲက တယောက်ယောက်ကနေ အခန်းမီး ရုတ်တရက်ဖွင့်ချလိုက်တဲ့အခါ၊ ဟား... အခန်းဝရံတာမှာ ကျောင်းသူတွေ တပြုံကြီး.. ထိုင်နေတဲ့ကျောင်းသူတွေ၊ တဖက်စောင်း လက်ထောက်ပြီး လှဲနေတဲ့သူ၊ အားပေးနေကြတာ.. အားပေးနေကြတာ၊ အဲဒီအခါမျိုးဆို ဟေး...ဝေး.....ဝါး..ကနဲပေါ့ဗျာ..။  ရှက်ကိုးရှက်ကန်း အခန်းထဲ ဝုန်းဒိုင်းကြဲ ပြန်ဝင်ပြေးကြတာ၊ အဲဒီတုန်းက တက္ကသိုလ် ကျောင်းသား ဘဝတွေပေါ့။

အဆောင်ကူး စင်္ကြန်လမ်းရဲ့ အမိုးပေါ်တက်ရတာလည်း လွယ်တယ်မထင်နဲ့၊ အမိုးကို လက်နှစ်ဖက်နဲ့ ခုန်လှမ်းပြီးချိတ်၊ ပြီးရင် အားနဲ့ ကိုယ့် ခန္ဓာကိုယ်ကို ခါးနဲ့ အမိုးနဲ့ တတန်းတည်းကျအောင် ဆွဲတင်၊ ပြီးမှ ခြေထောက် တဖက်ကို အမိုးပေါ် လှမ်းမြှောက် ကုတ်တက်ရတာ၊ ကျနော့်အထင် အမိုးက ၆ ပေခွဲတော့ရှိမယ်၊ အမိုးပေါ်က ပြန်ဆင်းရင်လည်း အဲလို တဆင့်ချင်း ပြန်ဆင်းရတာ။  အမိုးပေါ် ဘယ်တော့မှ မတက်ဘဲ စင်္ကြန်အမိုးအောက်မှာပဲ သီချင်းဆိုတာကတော့ မိုးကျော်။

မိုးကျော် (၁၉၅၈-၁၉၈၄)
Illustrated by Min Kyaw Khine (Artist)

အဲဒီညတွေတုန်းကဆို အမိုးပေါ်မှာ ကိုတိုး၊ ကိုရဲ အမြဲပါပဲ။  ကိုအုန်းမြင့် (ရီဇော်) ကလည်း အသံ တော်တော်ကောင်းတယ်၊ တချို့သီချင်းတွေ သူဆိုရင် ကျနော်တို့ အားလုံးလိုက်မအော်ကြတော့ဘူး၊ သူ့အသံပဲနားထောင်ကြတယ်။  ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းတို့ ဆိုရင်လည်း လိုက် မအော်ဘူး၊ ဘာလို့ ဆို သူတို့ အသံပဲ နားထောင်ချင်တာကိုး။  ကိုအုန်းမြင့်ရဲ့ ညီအငယ်ဆုံးက ကိုထွန်းလင်း၊ ဂစ်တာတီးကောင်းတယ်။

ကိုအုန်းမြင့် ဆိုတတ်တဲ့ သီချင်းထဲမှာ ဆရာ စိုင်းခမ်းလိပ်ရေးပြီး စိုင်းဆိုင်မောဝ် ဆိုတဲ့ သီချင်း တပုဒ် ရှိတယ်။(ခေါင်းစဉ်တော့ မမှတ်မိဘူး) မှတ်မိတဲ့ စာသားတွေက

လွယ်အိတ်ကလေး.. ပုခုံးမှာလွယ်..
အဖေ့.. သမီးလေး.. ကျောင်းသွားမယ်..
မှုံနံ့သာလေး.. ပါးမှာခြယ်..
အမေ့.. သမီးလေး.. ကျောင်းသွားမယ်..

သူများလို.. ကားမစီးရတောင်..
စက်ဘီးလေးနဲ့.. မြန်ပါတယ် ကွယ်..
ဝ လုံးလေး.. ဝိုင်းဝိုင်းရေးကာ..
ဆရာ ပြောစကားလည်း နားထောင်ကွယ်..

ရွှေလင်ပန်း.. နဲ့.. ထမင်းဆီဆမ်း.. လမင်းကြီး.. ဆုချမယ်တဲ့..
ဦးနှောက်ကလေး.. ကျောက်ရိုင်းသဖွယ်.. သွေးနိုင်မှပဲ..
တောက်ပလာနိုင်မယ်..

အမေ့.. ထက်တော်အောင်.. ကြိုးစားပါ.. အငယ်လေး..
အဖေ့ထက်.. တော်အောင်.. ကြိုးစားပါ.. အငယ်လေး..
မပျင်းနဲ့.. အငယ်လေး..
ကျောင်းမဝေးပါဘူး.. တံတားထိပ်ရယ်..

တင်ဆက်သူ မှတ်ချက် - သီချင်း နာမည် မှာ “တံတားထိပ်ကျောင်းသူ” ဖြစ်သည်။  စိုင်းထီးဆိုင် အထိန်းသိမ်းခံနေရစဉ် စိုင်းခမ်းလိတ် ရေး သီချင်း အသစ်များကို စိုင်းဆိုင်မော၊ဝ်၊ သီဆိုမှု တေးစု ရွှေဟင်္သာပျံမှာစိုး (၁၉၇၉) ဘီ-ဆိုဒ် နောက်ဆုံး အပုဒ် ဖြစ်သည်။

တံတားထိပ်ကျောင်းသူ၊ သံစဉ်/စာသား - စိုင်းခမ်းလိတ်၊ တေးဆို - စိုင်းဆိုင်မော၊ဝ်၊ (၁၉၇၉)


“သူများလို ကားမစီးရတောင် စက်ဘီးလေးနဲ့ မြန်ပါတယ် ကွယ်” စာကြောင်းကျတော့.. ကျနော်တို့က အဆောင်သူ မရွှေချောများ အတွက် စာသား ပြောင်းဆိုတယ်။  “သူများလို (ကိုယ်ပိုင်) ကားမစီးရတောင် (လိုင်းကား) ဒတ်ဆန်း ကားလေးနဲ့မြန်ပါတယ်ကွယ်..”။

အဲဒီတုန်းက အမြန် ဒတ်ဆန်းကားတွေ ပြေးတယ်၊ အင်းစိန်-ဆူးလေ နံပါတ် ၄၈၊ ဘယ်စီးစီး တယောက် ၁ ကျပ်၊ နောက် မင်္ဂလာဒုံ ဆူးလေ ပြေးတဲ့ ဟီးနိုးကား နံပါတ် ၉ အဝါ၊ ကျားနဲ့ မ ကို အလယ်ခေါင်မှာ သံဇကာခြားပြီးစီးရတဲ့ကား၊၊  ဒါပေမယ့် ဟီးနိုး နံပါတ် ၉ အဝါက အင်ကြင်းဆောင်တွေဘက်မသွားဘူး၊ RC2 ကျောင်းဝင်းထဲ မှတ်တိုင်ကနေပဲ ပြန်ကွေ့တာ၊ နောက်သံဇကာ မခြားတဲ့ ၉ အဝါ ကျောင်းကား ဟီးနိုးအကြီးတွေကျတော့ ကျောင်းနဲ့ဆူးလေ၊ သူက ဆူးလေနဲ့ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေ အင်ကြင်း၊ ကံ့ကော်၊ ဂန္ဓမာ၊ တက္ကသိုလ် အားကစားရုံ၊ ယောက်ျားလေး အဆောင်တွေဖြစ်တဲ့ အုန်းတော၊ ပင်လုံဆောင်တွေဘက်ပါတ်ပြီး RC2 နောက်ဘက်က ပတ္တမြားအဆောင်ကနေပြန်ကွေ့တယ်။

“မပျင်းနဲ့ အငယ်လေး.. ကျောင်းမဝေးပါဘူး.. တံတားထိပ်တင်..” ကျတော့ ကျနော်တို့က မရွှေချောများအတွက် “ကျောင်းမဝေးပါဘူး ၄ မှတ်တိုင်..” လို့ ပြောင်းဆိုကြတယ်။

အင်ကြင်းဆောင် မှတ်တိုင်ကနေ စရေရင်  ဝိုင်ယာလက် (၆မိုင်ခွဲ) မှတ်တိုင်၊ စွပ်ကျယ်စက်မှတ်တိုင်၊ တံတားဖြူမှတ်တိုင်၊ ပြီးရင် မာလာဆောင် ဆိုတော့ကာ အင်ကြင်းက စ တာဆိုတော့ မာလာအထိ ၄မှတ်တိုင်လေ။

အဆောင်မှာ တီးပြီးလို့ အိမ်ပြန်ကြတော့မယ်ဆိုရင် ခင်ဝမ်းရဲ့ “နှုတ်ဆက်ခဲ့ပါတယ်” နဲ့ ပြန်နေကြပါ။

သားထွေးနဲ့ သူ့ အကို ကိုချစ်ကို တို့ ညီအကိုနှစ်ယောက်လည်း ညတိုင်း နီးပါးလာလာပြီး လက်သွေးကြတယ်။  သူတို့ ညီအကိုက ကီလီလမ်း ကနေ လာကြတာ၊ သူတို့အိမ်က ကျိုက်ထီးရိုး ကားဂိတ်ဖွင့်ထားတာ၊ ကိုတိုး၊ ကိုမောင်၊ ကိုရဲတို့ ခရမ်းပြာအဆောင်မှာ မနေခင်က သားထွေးတို့ အိမ်မှာ တည်းကြတာ။

သားထွေး (၁၉၆၈-)
Illustrated by Min Kyaw Khine (Artist)

ကိုချစ်ကိုက သူ့အသံ ဝါဝါကြီးနဲ့ အားရပါးရ ဆိုတတ်တာ တီးတတ်တာ၊ သူဆိုနေကျက နံမည်ပျက်လူဆိုး။

နာမည်ပျက်လူဆိုး (Three Versions)၊ ရေး- ကိုမောင်မောင် (အဉ္စလီ)၊ ဆို - ရာပြည့်၊ သားထွေး၊ စိုးလွင်လွင်



သားထွေးကလည်း သူစပ်ထားတဲ့သီချင်းတွေဆိုနေကျ၊ ကိုမောင့် သီချင်းထဲက သားထွေးဆို နေကျ က သီချင်းတပုဒ်ပန်းတဆုပ်..။

ကျနော် မိုးကျော်၊ ရာပြည့်တို့နဲ့ သာ တွဲနေပေမယ့် (ကို) ခိုင်ထူးနဲ့ တခါမှ မဆုံခဲ့ဘူး။  “ခိုင်၊မိုး၊ပြည့်” လို့ နာမည်ကြီးခဲ့ကြပေမယ့် ကျနော် သူတို့နဲ့ တွဲနေချိန် သူတို့ နှစ်ယောက် ခိုင်ထူးနဲ့ အဆက်အသွယ်ရှိကြပုံမျိုး မတွေ့ရဘူး။


နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာပြီး.....
၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ NY မှာ ကိုရဲနဲ့ ပြန်ဆုံကြတာ..။

တညသား ကိုရဲနဲ့ ကျနော် အင်ကြင်းနောက်မှာ ရှိနေကြတုန်း အရက်တော်တော်မူးလာတဲ့ ကျောင်းသားတချို့ နဲ့ ငြိကြရော၊ ပြသနာက ဘာရယ်မဟုတ်ပါဘူး၊ သူတို့ဘာသာ အသည်းကွဲလို့ မူးလာကြတာကနေ “ငါတို့က Eco ကွ..” ဘာ ညာ နဲ့ ရမ်းလာတာ၊ ကိုရဲက လည်း “အေး ငါက RIT ကွ..” လို့ ပြောလိုက်တာ... ခဏကြာတော့ ခုနက သူရဲကောင်းများ အုပ်လိုက် ပြန်လာကြပြီး “ဟေ့ ဘယ်ကောင်လဲကွ RIT ကဆိုတာ..” ဆိုပြီး အော်လာကြတာ၊ ကိုရဲနဲ့ ကျနော့်ကို သူတို့ မမှတ်မိကြပါဘူး၊ တော်တော်မူးနေကြတာကိုး၊ အဲဒီ သူတို့ အသံကြားတော့ ဟိုဘက် ကံ့ကော်ဆောင်ဘက်မှာ ဂစ်တာတီးနေကြတဲ့ အုပ်စုက RIT ကကျောင်းသားတွေ၊ ချက်ချင်းထလာကြပြီး “အေး RIT က ကွ.. မင်းတို့က ဘာလုပ်ချင်လဲ..” ဆိုပြီး RIT နဲ့ Eco အုပ်စုတွေ့ကြပါလေရော..။

ကျနော်လည်း ကိုရဲကို ကိုရဲ ငြိမ်ငြိမ်သာနေ၊ အမိုးပေါ်တက်နေရအောင်ဆိုပြီး နှစ်ယောက်သား တက်နေကျ အင်ကြင်းဆောင်နောက်က စင်္ကြန်အမိုးပေါ်တက်နေပြီးကြည့်လိုက်တော့၊ ကျောင်းသားတွေက တကယ်တော့ ရန်မဖြစ်ကြပါဘူး၊ ကျောင်းသားချင်းကတော့ ဒီလိုမျိုးတွေရှိကြတာပါပဲ၊ နောက်ကျ လည်ပင်းဖက်ပေါင်းကြတာပါပဲ။

ကျနော် အမြဲ အမှတ်ရနေတဲ့ ညတညရှိတယ်၊ အင်ကြင်းဆောင်နောက်မှာ လသာတဲ့တည.. ၁၉၈ဝ ထဲမှာ။

 ကိုနေဝင်း၊ ကိုတိုး၊ ကိုမောင်၊ ကိုရဲ တို့အပြင် မိုးကျော်နဲ့အတူ ကိုဗစ်(ကိုဇာလျမ်း) လည်းရောက်လာတဲ့ည၊ အဲဒီအချိန်မှာ ကိုနေဝင်းကလည်း မောင့်လပြည့်ဝန်းနဲ့ လူတော်တော်သိနေကြပြီ၊ ကိုမောင်ကလည်း အဉ္ဇလီမောင်မောင်လို့ နာမည်ရနေပြီ၊ ကိုတိုးက အဉ္ဇလီအတွက်ဂီတဉ္ဇလီ ခွေထွက်ပြီးစ၊ ကိုရဲကတော့ ဘေ့စ်ကိုရဲလွင်ကြီးဆိုပြီးသိနေကြတာ၊ မိုးကျော်က တေးမြုံငှက် ခိုင်ထူး-မိုးကျော်၊ အဆောင်နောက်မှာ ဂစ်တာလာတီးကြတဲ့ ကျောင်းသားတွေက သူတို့မှန်းလည်းသိရော သူတို့တီးမယ့် ဂစ်တာတွေလာပေးကြတယ်။

အကိုတို့ကို ခုလို တွေ့ရတာ အရမ်းဝမ်းသာတယ်ဗျာ၊ ကျနော်တို့ ဂစ်တာတွေယူတီးပါ၊ ကျနော်တို့ အခုလို ကြုံတုန်း အကိုတို့သီချင်းတွေ နားထောင်ချင်လို့ပါ ဆိုပြီး အားလုံး စင်္ကြန်အမိုးအောက်မှာ တန်းစီထိုင်လိုက်ကြတဲ့မြင်ကွင်းပါ....။

အဲဒီညက လွပ်လပ်တဲ့ သီချင်းသံတွေကလွဲလို့ တိတ်ဆိတ်စွာ သံစဉ်တွေကြားထဲ ရစ်မူးကြတဲ့ညတညပါ။  ကျောင်းသားတွေက ကျောင်းညဈေးတန်းကနေ အားလုံးအတွက် လ္ဘက်ရည်နဲ့ မုန့်တွေပါ ဝယ်လာပြီး ဧည့်ဝတ်ပြုခဲ့ကြတာလည်း ချစ်စရာ ကျောင်းသားဘဝတခုပါပဲ၊ စည်းကမ်းရှိရှိဆိုကြ၊ တီးကြ၊ နားထောင်ကြတဲ့ အဆောင်ကျောင်းသား၊ ကျောင်းသူတို့ရဲ့ လှပတဲ့ ညလေးတညပါ။

အဲ့သလို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အမှတ်တရတွေမျိုး နောက်မျိုးဆက်တွေ အတွက် ပုံပြင်လိုဖြစ်ခဲ့ရတာကိုတော့ တော်တော်ဝမ်းနည်းရတယ်။


မင်းကျော်ခိုင် @ Min Kyaw Khine (Artist)
စက်တင်ဘာ ၅၊ ၂၀၁၃


(ဆက်ပါဦးမည်။)