အကြောင်းကိုသိသော ငါ (Nyein Chan Aye)


အကြောင်းကိုသိသော ငါ
ငြိမ်းချမ်းအေး ။ မိုးမခ။ ဇန္နဝါရီ ၀၅၊ ၂၀၁၄

(မသိမှုနဲ့ စ)
“လောက မှာ လူ့ မိုက်မဲမှု နဲ့ စကြဝဠာ နှစ်ခု ဟာ အဆုံး၊ အစ မရှိဘူး၊ ဒီထဲမှာ.. စကြဝဠာ အတွက်တော့ သူ သိပ်မသေချာသေးဘူး၊ လူသား မိုက်မဲမှု ကတော့ အတိုင်းမသိ ပါပဲ..” ဆိုတဲ့ သဘောမျိုး အိုင်းစတိုင်း ဆိုခဲ့ဖူးတယ်လို့ ပြောလေ့ရှိကြတယ်။
ပုဂံခေတ် ရှေးဦး မြန်မာစကားပြေ မှာကတည်းက ပါဠိ စကားလုံး “အနန္တ” ကို “အတိုင်းမသိ” လို့ ဘာသာပြန်ခဲ့တာတွေ့ရတော့ ဘာသာပြန်ယူပုံ အသုံး ကို သိပ်သဘောကျမိတယ်။
အတိုင်းမသိရင် အကျဉ်း၊ အကျယ် မသိတော့ဘူး၊ အထူအပါး နားမလည်တော့ဘူး၊ အကောင်း၊ အဆိုး မခွဲတတ်တော့ဘူး၊ အမှား၊ အမှန် မကွဲတော့ဘူး၊ အမြော်အမြင် မရှိတော့ဘူး.. စသည်.. စသည်.. ဘာဆိုဘာမှ မသိ၊ မရှိ၊ မိုက်မဲမှု က အဆုံး၊ အစ မရှိတော့သလို ဖြစ်သွားတယ်။
လူသား ရဲ့ မိုက်မဲမှု က တကယ့် အနန္တ၊ တကယ့် အတိုင်းမသိပါပဲ..။
ဗုဒ္ဓ  အဟော “အန္ဓီဘူတော အယံ လောကော” - “ဤလောကသည် အမိုက်အတိ၊ ကန်း၏” ဆိုတဲ့ အတိုင်းပါပဲ..။
သတ္တဝါတွေထဲမှာ အသိ ဉာဏ် အရှိဆုံးခံယူတဲ့ လူသား ရဲ့ လူ့သမိုင်းတလျှောက် မိမိရှင်သန် နေထိုင်ရာ ကမ္ဘာမြေကြီး၊ နဲ့ ယှဉ်တွဲရာ သတ္တ/ရုက္ခ လောက အပေါ် ပြုမူ ကျင့်ကြံပုံကို ကြည့်ရင် လူသားရဲ့ မိုက်မဲမှု အတိုင်းအတာ ကို သိနိုင်ပါတယ်။  ဒါ့အပြင် လူသားအချင်းချင်း အကြောင်းအမျိုးမျိုးပြ ခေတ်အဆက်ဆက် ကျူးလွန်၊ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ၊ အမုန်းတွေ၊ ရန်ငြိုးတွေ ဟာလည်း လူသားရဲ့ မိုက်မဲမှု ပြယုဂ်တွေပါပဲ။
ဒီလို ကြီးကျယ်တဲ့ မိုက်မဲမှု တွေကို ထားလိုက်ပါဦး။  နေ့စဉ် သူသူ၊ ကိုယ်ကိုယ် အားလုံးနီးပါ ရံဖန်ရံခါ ကျူးလွန်တတ်တဲ့ မိုက်မဲမှုတွေကိုပဲ ကြည့်ပါ။
၂၁ ရာစု ခေတ်လူသား နိစ္စဓူဝ မြင်တွေ့၊ ကြုံဆုံနေရတဲ့ အင်တာနက် ခေတ် လာသမျှ သတင်း ကို တင်၊ တွေ့သမျှ သတင်းကို ယုံ၊ စဉ်းစား ဆင်ခြင် ကိုယ်ပိုင် တွေးခေါ်မှုဖြစ်စဉ် မဲ့နေတဲ့ အဖြစ်တွေကိုပဲ ကြည့်ရင် လူသားရဲ့ မိုက်မဲမှု က အတိုင်း မသိ၊ အတိုင်း မရှိကြောင်း သိနိုင်တယ်။
ဒီသဘောဟာ ကျောင်း စာသင်ခန်း အတန်းပညာ နဲ့ မဆိုင်ပါ။  အတန်းစာ က မဟာ ပညာကျော်၊ ပါရဂူ ဖြစ်ကောင်း ဖြစ်မယ်၊ ဒေါက်တာ ဖြစ်ကောင်း ဖြစ်မယ်၊ ကိုယ်ပိုင် ဆင်ခြင်ထုတ်နိုင်မှုစွမ်း မရှိတာကတော့ မရှိတာပါပဲ။

(အလိမ္မာ စာထဲမှာပဲ ထားရစ်ခဲ့)
ပါဠိ က ပဲ လာတဲ့ “ပညာ” ကို အနက် ဖွင့်ရင် အကြောင်း-အကျိုး၊ အမှား-အမှန်၊ အဆိုး-အကောင်း ကို ခွဲခြမ်းစိတ်ဖြာ နားလည်ခြင်း လို့ ရမယ် ထင်တယ်။  ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်မှု ဉာဏ် စိတ်အသိ Analytical Mind ဖြစ်စဉ် ကလာတဲ့ နားလည်မှု  Analytical Understanding က သာ အတွေး၊ အခေါ်၊ အမြော်အမြင် ဆင်ခြေတုံတရား ရှိတဲ့ ပညာဉာဏ် အမြင် “Wisdom” ကို ရနိုင်တယ်။
တွေးခေါ်ဆင်ခြင်ဉာဏ်ထုတ်မှု ဖြစ်စဉ် မပါတဲ့ လေ့လာမှု အသိ ဗဟုသုတ “Knowledge” တခုတည်း ကနေ အမှား၊ အမှန်၊ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း ခွဲခြား သိမြင် နားလည်နိုင်တဲ့ ဉာဏ်အမြော်အမြင် “Wisdom” ကို မရပါဘူး။
ဒါပေမယ့် ခက်တာက လူ့ သဘာဝ မှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ် လိုမှု က အင်မတန် နည်းလှတယ်။  ဒါကြောင့်လည်း ဘာထရန် ရပ်ဆဲလ် က “တွေးမလား၊ သေမလား ဆိုရင် မတွေးဘဲ အသေခံကြမယ့်လူ အများစုပါ” ဆိုတဲ့ သဘောမျိုး ဆိုခဲ့ဟန် တူတယ်။
ဒီလို သဘောမျိုးကြောင့် ဗဟုသုတ ရှာမှီးလို၊ ဒါမှမဟုတ် ဗဟုသုတ ရှိလှပါရဲ့ ဆိုသူ အတန်းပညာတတ်များ ကိုယ်တိုင် ကျိုးကြောင်းဆင်ခြင်မှုမဲ့ကာ အပြောင်အပြက် သတင်းမှန်းမသိ၊ လံကြုတ် သတင်းမှန်း မသိ၊ နောက်ခံ အကြောင်းအရာ၊ ရည်ရွယ်ချက် တခုခုကြောင့် တင်တဲ့ သတင်းမှန်းမသိ အစ ရှိတဲ့ အွန်လိုင်း သတင်းမျိုးစုံ ကို မြင်သမျှ၊ တွေ့သမျှ တင်နေကြ၊ ယုံနေကြတာပဲပေါ့။
အင်္ဂလိပ်လိုလေးများ ရေးထားရင် ပညာတတ်ဆိုသူများ ပိုလို့တောင် ယုံယုံကြည်ကြည် တင်ကြပါသေးတယ်။
ဒါနဲ့ပဲ သြဇီဝန်ကြီးချုပ် အဆက်ဆက်လည်း မွတ်ဆလင်တွေကို တိုင်းပြည်က နှင်ထုတ်ခဲ့ကြ၊ ဂျက်ကီချန်းလည်း အွန်လိုင်းမှာ ခဏ ခဏ သေရ ဖြစ်ရတာပါ့။

(အလိမ်ခံခြင်း၊ အရူးလုပ်ခံခြင်း)
အခုရက်ပိုင်း ရေပန်းစားနေတဲ့ သတင်းတပုဒ် ကို ဥပမာ ပြုဆိုရင် Marijuana ကို အကန့်အသတ် နဲ့ တရားဝင် ရောင်းဝယ် ဖောက်ကား အသုံးပြခွင့် ပြုလိုက်တဲ့ Colorado ပြည်နယ် က လူ ၃၇ ယောက် သေမှု သတင်းလိမ် လိုမျိုးပေါ့။  ဒါမျိုးကို Hoax News, Spoof  News လို့ ခေါ်လေ့ရှိတယ်။  ရှင်းအောင် ဆိုရရင် သတင်းဖတ်သူ ကို အရူးလုပ်တာ၊ အပျော်အပြက် သဘော ဆိုကာ ခပ်တည်တည် နဲ့ လိမ်တဲ့ သတင်းမျိုးပါ။
ဒါမျိုးတွေကို ဗမာ့အွန်လိုင်းလောကသား များတင် အလိမ်ခံ၊ အရူးလုပ်ခံရတာမဟုတ်၊ ကမ္ဘာမှာလည်း အများကြီး တပြုံတခေါင်းပါပဲ။  ဒါကြောင့် “အန္ဓီဘူတော အယံ လောကော” ဆိုတာ သွေးထွက်အောင် မှန်တာပေါ့။  အလုံးစုံကို သိမြင်နှံ့စပ်တော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားဟော ဆိုတော့လည်း မှန်ပေမှာပေါ့။
ဒီနေရာမှာ တခု သတိချပ်စေချင်တာက ဒီလို လုပ်ကြံ ဇာတ်လမ်းတွေကို စာနယ်ဇင်း ခေါင်းစဉ် အောက်မှာရှိတဲ့ မီဒီယာ (အွန်လိုင်း + ပုံနှိပ်) က ဖော်ပြမှု မရှိသလောက် နည်းတယ် ဆိုတာပါ။  အရင်တခါ ဆိုခဲ့ဖူးတဲ့ လူပြိန်းကြိုက် “Tabloid Journalism” အဝါရောင်စာနယ်ဇင်းမှာကို ဖော်ပြလေ့မရှိပါ။  (နိုင်ငံတကာ ကို ဆိုလိုတာပါ၊ ဗမာ မပါ။)
ပုဂ္ဂလ သဘောဆောင်တဲ့၊ ဒါမှမဟုတ် အကျိုးတခုခု၊ ရည်ရွယ်ချက် တခုခုကြောင့် တည်ထောင်ထားတဲ့ စာနယ်ဇင်း သဘောမဟုတ်တဲ့ အွန်လိုင်းမီဒီယာ တွေက နေ ဒီလို Hoax News လံကြုတ်ဇာတ်လမ်းတွေကို ဖန်တီးတတ်ပါတယ်။
ဗမာ့စာနယ်ဇင်း က တော့ ဒါမျိုးထဲက တချို့ကို ကိုးကား Internet တို့၊ ကိုးကား Facebook တို့ လုပ်ကာ ပုံနှိပ်တတ်ကြပါသေးတယ်၊ ဗမာ့ စာနယ်ဇင်း အဆင့်အတန်း ကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင် ပါပဲ။
လူကြိုက်များအောင် သတင်းလိမ်တင်တဲ့ Hoax Online Media မျိုးမဟုတ်ဘဲ နိုင်ငံတကာ က စာနယ်ဇင်း လို့ ခံယူတဲ့ မီဒီယာ အဖွဲ့အစည်းတွေက အဆင့်၊ အမျိုးစားအလိုက် မခိုင်မာတဲ့ သတင်းမျိုးတွေကို တင်ဆက်ရာမှာ ဘယ်လို မတူညီ၊ ကွဲပြား သတင်းတင်ပြကြတယ်ဆိုတာ ဥပမာ ပြုချင်ပါတယ်။  ဗမာ့ စာနယ်ဇင်း နဲ့ လူအမျး အတု ယူနိုင်အောင်ပါ။

(သတင်းသင်တန်း၊ နီတိသင်တန်း)
ဗမာ့ စာနယ်ဇင်း က တတ်သိနားလည်သူ ပညာရှင် များ အခု ပြည်တွင်းမှာ မျိုးဆက်သစ် မီဒီယာသမားတွေ အတွက် စာနယ်ဇင်း သင်တန်း တွေ ပေးကြတယ်လို့ သိရ၊ ကြားရတယ်။  ဘာတွေ သင်သလဲ တော့ လက်လှမ်းမမီလို့ မသိပါ။  အကြောင်းအရာ ရွေးချယ်မှု၊ တင်ပြမှု၊ သတင်း ရေးသား တင်ပြပုံ နဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာတွေ သင်မှာပါပဲ။
ဒါတွေအပြင် စာနယ်ဇင်း ရဲ့ ဂုဏ်သိက္ခာ၊ ရပ်တည်မှု အဆင့်အတန်း အလိုက် အကြောင်းအရာ တခုတည်းပေါ်မှာကို သတင်းရေးသား တင်ပြပုံ၊ သတင်း အပေါ် ချည်းကပ်ပုံ မတူညီကြောင်း ကို နိုင်ငံတကာ မီဒီယာ မျိုးစုံရဲ့ မတူညီကွဲပြားတဲ့ နေ့စဉ်သတင်းတင်ဆက်ပုံတွေထဲက ထုတ်နှုတ် ဥပမာပြုရင်း စဉ်းစားဆင်ခြင်မှု ဉာဏ် ဖြစ်စဉ် ပါတဲ့ သတင်းရေးသားတင်ဆက်မှု၊ သတင်း စကားလုံး ရွေးချယ်မှု ပညာတွေကို ဗမာ လူငယ် စာနယ်ဇင်း သမားများ စနစ်တကျ လေ့လာ သင်ယူနိုင်ရင် ကောင်းမယ်။

(ခွေးစားတဲ့သတင်း)
ခုလတ်တလော ရေပန်းစားနေတဲ့ မြောက်ကိုးရီးယား အာဏာရှင် ရဲ့ ဦးလေးတော် ကို ခွေးစာကျွေး ကွပ်မျက်မှု သတင်း ကို အနောက်စာနယ်ဇင်းတွေ ရဲ့ တင်ပြပုံကို ဥပမာ ကြည့်ပါ။  လူအများကြား ပေါ်ပြူလာ ဖြစ်အောင် လုပ်တတ်တဲ့ Tabloid သတင်းစာ Daily Mail က ဟုတ်၏၊ မဟုတ်၏ သုံးသပ်မှု မပါဘဲ အပိုဆာဒါးတွေ၊ မဆိုင်တဲ့ ခွေး ပုံ ပြူးတူးပြဲတဲ ဓာတ်ပုံတွေ အသားပေး နဲ့ သတင်းရေးသားတင်တယ်။  နည်းနည်းပို သိက္ခာ၊ အဆင့်အတန်း ရှိတဲ့ BBC လို၊ Telegraph လိုမျိုးက ဆင်ခြင် သုံးသပ်မှု ပါတဲ့ သတင်းဆောင်းပါး ပုံစံ ပဲ ရေးသားတင်တယ်။
မြောက်ကိုးရီးယား လို တိုင်းပြည် ဘာမဆို ဖြစ်နိုင်တယ်၊ မှန်နိုင်တယ် ဆိုတာ စာနယ်ဇင်းကြီးတွေက သိတာပေါ့။  ဒါပေမယ့် အခြေမခိုင်တဲ့၊ အတည်ပြုလို့ မရနိုင်တဲ့ သတင်းမျိုး ကို တင်ဆက်ရာမှာ သတင်းဖတ်သူ ရှုထောင့်ပေါင်းစုံ က စဉ်းစား ဆင်ခြင်နိုင်အောင် ဆင်ခြင်မှု အမြင် ပါတဲ့ သတင်းဆောင်းပါးပုံစံပဲ တင်ဆက်ရတယ်။  သတင်းရင်းမြစ် အတိအကျ နဲ့ သတင်းအချက်အလက် Facts ချည်းပဲ ဖြန့်ချီရတဲ့ News Agency၊ News Bureau ကြီးတွေကျတော့ ဒါမျိုး သတင်း ကို တင်ဆက်လေ့ မရှိကြဘူး။  ဒါက သတင်းတင်ဆက်သူ ဘက်က သဘော။ 
သတင်းဖတ်သူ ဘက်က သဘော ကျလည်း စဉ်းစား ဆင်ခြင် သုံးသပ်လိုမှု၊ သို့မဟုတ် သုံးသပ်နိုင်မှု ရှိ/မရှိ အပေါ် မူတည်ပြီး ဒီလို သတင်းမျိုး ကို ဘယ် မီဒီယာ အတန်းအစား က တင်ပြပုံ နဲ့ အာဘော် ကို ဖတ်တယ်၊ ထပ်ဆင့် မျှဝေတယ် ဆိုတာ ကွာတယ်။
ဒီ ခွေးစာကျွေး သတင်းကို ကြည့်ရင် အစ မူလ ရင်းမြစ် အနေနဲ့ အရင်လတွေမှာ တရုတ် အစိုးရပိုင် သတင်းဌာန တခု မှာ စပါတယ်။  ဒါကို အခု ရက်ပိုင်းမှာ စင်္ကာပူ အစိုးရ သတင်းစာ က ထပ်ကိုးကား ယူသုံး တင်တယ်။  ဒီလိုနဲ့ အခု အနောက်မီဒီယာ တွေကပါ ဖော်ပြတယ်။
ဒီသတင်း နောက်ခံ အကြောင်းတွေမှာ တရုတ်အစိုးရ ရဲ့ မြောက်ကိုးရီးယား အပေါ် လက်ရှိ သဘောထား ပါတယ်၊ မြောက်ကိုးရီးယား ခေါင်းဆောင် အသစ် Kim Jong-Un က တရုတ် နဲ့ နီးစပ်သူ ဦးလေးတော် အပေါ် စစ် ခုံရုံတင် သေဒဏ်ပေးမှု ကို တရုတ် အစိုးရ ရဲ့ တုံ့ပြန်လိုတဲ့ သဘောထား ပုံစံ ပါတယ်၊ သတင်း ထပ်ဆင့် တင်ပြတဲ့ စင်္ကာပူ အစိုးရ အာဘော် စာနယ်ဇင်း ဘက်လိုက်လိုမှု ပါတယ်။  နိုင်ငံရေး ရည်ရွယ်ချက် နောက်ခံ သဘောတွေ အပြည့်ပါတဲ့ သတင်းမျိုး ဖြစ်တယ်။  ဒါမျိုး ကို နားလည်မှ အကျိုး/အကြောင်း ဂဃနဏ သိနိုင်မယ်။
ဒါတွေ အားလုံးကို တွေးခေါ် ဆင်ခြင် သုံးသပ် နိုင်မှ ဒီသတင်း နောက်ခံ ကားချပ်၊ ချဲ့ကား မှု ဘယ်လောက် ရှိ/မရှိ၊ အမှန် ဘယ်လောက် ပါ/မပါ ဆိုတဲ့ ဉာဏ်အမြော်အမြင်ပါ သိမြင်နားလည်မှု ကို သတင်းဖတ်သူ က ရမယ်။

(သတင်းဖတ်သူ၏ ဥာဏ်ရည်)
သတင်း တင်ပြသူ ရဲ့ ဆင်ခြင်မှု ဖြစ်စဉ် အလုပ် ဘယ်လောက် လုပ်/မလုပ် ဟာ သတင်း တင်ဆက်ပုံ က ထင်ဟပ်နေသလို သတင်းစားသုံးသူ ရဲ့ ထပ်ဆင့် ဝေမျှမှု နဲ့ နားလည်နိုင်မှု စွမ်းရည် က လည်း တဦးချင်းရဲ့ တွေးခေါ်မှု ဖြစ်စဉ် လုပ်/မလုပ်၊ ပါ/မပါ အပေါ် မူတည်နေတယ်။
ဒါပေမယ့်.. အထက်မှာ ဆိုခဲ့သလိုပဲ.. လူတွေက တွေးမလား၊ သေမလား ဆိုရင် သေမယ့်သူက ခပ်များများ ရယ်ပါ။
ဒါကြောင့် မသိမှုတွေ၊ မိုက်မဲမှု၊ အမှန်တဝက် သိမှုတွေ၊ အကျိုး၊ အကြောင်း အလုံးစုံ ပြည့်ပြည့်စုံစုံ နားလည်နိုင်မှု နည်းမှုတွေက ကမ္ဘာ အနှံ့ တွေ့နေ၊ မြင်နေ၊ ကြားနေရဦးမှာပါပဲ။  ဒီထဲမှာ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းကို လုံးဝ မျက်ကွယ်ပြုထားတဲ့ ဗမာ့ ပညာရေး က မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ၊ ပါရဂူ နဲ့ “so-called” ဘွဲ့ရပညာတတ် တွေ ပါဝင်မှု ရာခိုင်နှုန်း များနေဦးမယ် ဆိုတာ ဝမ်းနည်းစရာပေမယ့် နားလည်နိုင်စရာပါပဲ။
ပါဠိ စကားလုံး “အန္ဓ” ကို မြန်မာလို ပြန်ရင် “ပညာမျက်စိ ကန်းသော၊ လူအ၊ လူပြိန်း” လို့ ရမယ် ထင်တယ်။  တွေးခေါ် ဆင်ခြင်၊ အကျိုး/အကြောင်း စဉ်းစားမှု က လာတဲ့ ပညာဉာဏ် ဆိုတဲ့  အလင်းမဲ့သူ ကို စာရွက်ပေါ်က အတန်းပညာ ဘယ်လောက် ရှိရှိ “လူ့ အန္ဓ” လို့ပဲ ခေါ်ရပါမယ်။  “လူပြိန်း” လို့ပဲ ခေါင်းစဉ်တပ်ရပါမယ်။  စိတ်ပျက်၊ အားလျော့ စရာတော့ မရှိပါ။  နိုင်ငံတကာ အတိုင်းအတာ နဲ့လည်း “လူပြိန်း” တွေ က အများစု ပါပဲ။ 
ဒါကြောင့်လည်း ကမ္ဘာ့ အရပ်အရပ် ရဲ့ အနုပညာ ဖျော်ဖြေမှု က စလို့ စာနယ်ဇင်း၊ မီဒီယာမျိုးစုံ အလယ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အတွေးအခေါ် အဆုံး “လူပြိန်းကြိုက်” တွေ ရေပန်းစား ပေါ်ပြူလာ ဖြစ်နေခြင်းပါပဲ။

(အရင်းကို အရင်သိဖို့)
နှစ်သစ် မှာ ဒီ အကြောင်းအရာမျိုး၊ ဒီသဘော ရေးရခြင်း က ဗမာပြည် ရဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ က အစ တိုင်းရင်းသား လူမျိုးစု ရေးရာ နဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း၊ စနစ် ပြဿနာ အထိမှာ တွေးခေါ်၊ မြော်မြင် ဆင်ခြင်မှု ပညာဉာဏ် အလုပ် မဲ့နေခြင်းက အဓိက အကြောင်းခြင်းရာ တရပ် ဖြစ်တယ်။
ဒါကြောင့် အခုလို သတင်း ဖတ်ပုံ၊ သတင်း မျှဝေပုံ၊ သတင်းကို နားလည်ပုံ အသေးအဖွယ် နိစ္စဓူဝ တွေ့ကြုံနေရတာလေးတွေကို ထုတ်နှုတ် ဆိုလိုက်တာပါ။
နိဂုံးချုပ် အနေနဲ့ နှစ်သစ်မှာ “New Year Resolution” ပြု ဆုံးဖြတ်ချက်ချ သန္နိဋ္ဌာန် ပြုလုပ်ဖို့ ဆန္ဒ ရှိရင် ပုဂံခေတ်တုန်းက သိင်္ဃသူ့သမီး သူ့ ဆုတောင်းစာ မှာ ထည့် ဆိုခဲ့သလို “အကြောင်းကိုသိသော ငါ ဖြစ်ရပါလို၏”  ဆန္ဒပြုစေချင်တယ်။
အကြောင်းကို မသိခြင်း၊ တွေးခေါ် မြော်မြင်မှု မရှိခြင်း၊ ဉာဏ်အလုပ် မပါခြင်း၊ ပညာမဲ့ခြင်း က ကမ္ဘာ မှာ၊ ဗမာ မှာ လူ့ အဝန်းအဝိုင်း မှာ “မိုက်မဲမှု အနန္တ” အတိုင်းမသိ၊ အတိုင်းမရှိ ဖြစ်နေခြင်း ရဲ့ အကြောင်းရင်းခံ ပါပဲ။  ဒီ အကြောင်း ကြောင့် အကျိုး ဆက် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ထား၊ အငြိုးအတေးတွေ၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ် ကာ လူ့ အဖွဲ့အစည်း ဆုတ်ယုတ်နေရခြင်းပါပဲ။
ဆိုတော့ “အကြောင်းကိုသိသော ငါ” ဖြစ်မှသာ “မိုက်မဲမှု အနန္တ” က အဆုံးသတ် နိုင်မှာပါ။
စာရေးသူ ကိုယ်တိုင်လည်း “အကြောင်းကိုသိသော ငါ” ဖြစ်ဖို့ ဒီနှစ်သစ်မှာ ထပ်မံ ကြိုးစားပါဦးမယ်..။

ငြိမ်းချမ်းအေး
၀၅၊ ဇန္နဝါရီ၊ ၂၀၁၄