Nyein Chan Aye - ထိပ်ထား၊ သေနာ နဲ့ ကျားရဲ


ထိပ်ထား၊ သေနာ နဲ့ ကျားရဲ
ငြိမ်းချမ်းအေး။ (မိုးမခ၊ မတ်လ ၃၀၊ ၂၀၁၄)

အခုရက်ပိုင်းမှာ ဗမာ့ မျက်မှောက် စစ်လွှတ်တော် နိုင်ငံရေး ကို ပုံဖော်နေကြသူများလို့ သတ်မှတ်ကြတဲ့ ပုဂ္ဂိုလ် (၄) ဦး ရဲ့ အသံ တွေကို ဆက်တိုက် ကြားခဲ့ရတယ်။

ပြုပြင်ရေးသမားကြီး လို့ ဆိုတဲ့ သူ က စတယ်။  စစ်ဖွဲ့စည်းပုံကို လွန်ခဲ့တဲ့ (၃) နှစ်က လက်မခံခဲ့တဲ့သူတွေ အခု ဆိုရင် လက်ခံသလောက် ဖြစ်လာပြီ၊ ငြိမ်းချမ်းရေးကို ရှမ်ပိန်တိုက်ရင်း တည်ဆောင်နေတာ တော်တော် အောင်မြင်နေပြီ၊ ကျည်ဆံတွေ အစား ကား အသစ်တွေပဲ အော်ဒါမှာ ပေးနေပြီ၊ ဒါပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို စစ်တပ်နည်းနဲ့ ဆက်ဖြေရှင်းဖို့ လိုသေးတယ်၊ ဒို့တပ်မတော်ကြီး အင်အား ရှိမှ ဖြစ်မယ်။

သူ ပြောဖို့ကျန်သွားခဲ့တာက စစ်လော်ဘီများ အမျိုးသားရေး မှိုင်းတိုက်ရင်း တိုက်တွေဖျက်၊ မီးတွေ ရှို့၊ ပတ်ထိန်း ဥပဒေ အစုံစုံ နဲ့ အတော် ခရီးရောက်ပြီမို့ ကြားဖြတ်ရွေးကောက်ပွဲတောင် အကဲစမ်း၊ စစ်တပ် ထုံး Searching Fire လုပ် ရန်သူ့ ပစ်မှတ်ရှာဖို့ ကျင်းပဦးမယ့် အကြောင်း။

လက်ရှိ အကြီးဆုံး စစ်ခေါင်းဆောင်လို့ ပြောကြတဲ့ သူ က ဆို ပြန်တယ်။  ကြားနေကျ ဇာတ်လမ်းဟောင်းကြီး အတိုင်း တိုင်းပြည်ကို စစ်တပ်ကသာ ချောက်ထဲ မကျအောင် ကယ်တယ်ခဲ့ကြောင်း၊ စစ်တပ်ကသာ ကယ်တင်ရှင် ကျေးဇူးရှင် အစစ် ဖြစ်ကြောင်း ထပ်လောင်း အမွှမ်းတင်တယ်။  ဒါ့အပြင် ခု ဆူဆူပူပူ လက်နက်ကိုင် လုပ်နေသူ တွေ လက်နက်မချ၊ အပစ် မရပ်ရင် စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တတ်သူတွေ မဟုတ်တာကြောင့် ရှေ့မှာ သေချင်းဆိုးနဲ့ သေဖွယ်ရာသာ ရှိကြောင်း မေတ္တာ ရှေ့ထား သွယ်ဝိုက် ခြိမ်းခြောက် ပြန်တယ်။  လက်ရှိ နာဂစ် စစ်ဖွဲ့စည်းပုံဟာလည်း ကမ္ဘာတည်သရွေ့ မပျက်နိုင်တော့ကြောင်း ထောက်ပြ စစ်တပ်ရဲ့ နိုင်ငံရေး ရည်မှန်းချက် အနာဂတ် ကိုလည်း ထပ်မံ အာမခံ လိုက်သေးတယ်။

သူ ပြောဖို့ကျန်ခဲ့တာက (ဒါမှမဟုတ် မပြောဘဲနဲ့ သိစေတာက) စစ်တပ်က အားကြိုးမာန်တက် စွမ်းစွမ်းတမံ တိုင်းပြည် ချောက်ထဲ မကျအောင် စွမ်းဆောင်ပါလျက် တိုင်းပြည် အဝီစိ အထိ ဒေဝဒတ် ငယ်ထိပ်ပေါက်အောင် ဆင်းခဲ့ခြင်းက တပ်နဲ့ မဆိုင်၊ စေတနာရှင် ဘဘ ဗိုလ်ချုပ်ကြီများက ဇိကုပ်လို့ နတ်ပြည် တင်ပေးပေမယ့် မနေနိုင်တဲ့ ပြည်သူပြည်သား ရဲ့ မိုက်ပြစ်သာ ဖြစ်ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများရဲ့ ပယောဂ သာ ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော် နိုင်ငံရေး သမားများရဲ့ နှောင့်ယှက်မှုကြောင့်သာ ဖြစ်ကြောင်း။

“ရေခဲမုန့် တခွက်ထဲမှာ မလိုင်ပါတယ်၊
နို့မ၀တဲ့ ကလေးရဲ့ မျက်ရည်ပါတယ်၊
ရွှေရောင်တိမ်တိုက် ပါတယ်။

ဆေးထိုးအပ် တခုထဲမှာ မိုးရေပါတယ်၊
ငွေလုပ်တဲ့ စက်ပါတယ်၊
သေမင်းရဲ့ ပြက်လုံးပါတယ်။

ခေါင်းထဲမှာ.. ဘာမှမပါဘူး..”

ဆိုတဲ့ သစ္စာနီ ရဲ့ “ကြားနေကျသတင်း” ကိုပဲ ရွတ်ရတော့မလား။

ပန်တျာ (ဒေါ်) စုကြည် နဲ့ ရွှေမန်းသဘင် ရဲ့ ဇာတ်ပွဲကြီးကကျ နည်းနည်း ကြားနေကျ သတင်းထက် ပိုမလား။

ပိုတယ်လည်း ဆိုနိုင်၊ စစ်လွှတ်တော် ဇာတ်ပွဲ စ ခင်းကျင်း ကတည်းက အလားတူ ကကြိုးကကွက်တွေ မြင်တွေ့ကြားနေရတော့ ထူးမခြားနားပတ်ပျိုး လို့ လည်း ဆိုနိုင်တယ်။ 

ဘာတဲ့.. အရင်ကတော့ သမ္မတဂျီးကို ယုံတယ်၊ အခုကျ နာယကဂျီး က ဖြောင့်ဖြောင့်မတ်မတ် ပါပဲ။

နယက ဂုဏ် ပါ ခွဲဝေပေးလေ့ရှိခြင်း၊ သနားညှာတာခြင်း၊ ကြည့်ရူ စောင့်ရှောက်ခြင်း ဆိုတာတွေ မှန်ကြောင်း သက်သေပြုနေသလိုပါပဲ။  နယကဂျီး က မိသားစု အပေါ်ကိုတော့ ကြည့်ရှု စောင့်ရှောက်၊ သနားညှတာ၊ အမြဲ ခွဲဝေ ပေးလေ့ရှိတာကိုး။

ရွှေမန်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း စစ်သဘင် စီးပွားသောင်းကျန်း မိသားစု လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော် ပြည်သူ့ အပေါ် ဂုတ်ခွစီးနေမှု ဒဏ် ကို မေ့ပစ်ရတော့မှာပေါ့။  လူထုခေါင်းဆောင် ကိုယ်တိုင်က ဖြောင့်ဖြောင့်မတ်မတ်ပဲလို့ ဆိုနေတာကိုး။  ဘုရားဒါယကာ အလင်္ကာကျော်စွာ ကြီး နဲ့ သားတွေ ရဲ့ နာမည်တွေကို ယူသုံးလိုက်ရတာ အားနာ တောင်းပန်ပါရဲ့။  ဒီက မျက်ရည်ဒါယကာ အလကားကျော်စွာ ချီးထုပ်တွေ ဖြစ်နေတာကိုး။  ဘာပဲဖြစ်ဖြစ် ဓာတ်မြေသြဇာတွေ ကောင်းကြောင်း၊ ဆန်ရေစပါး ပေါကြွယ်ဝနေကြောင်း၊ ခေတ်ဆက်သွယ်ရေး အင်တာနက် လိုင်းများ ဝန်ဆောင်မှု ပြည့်ဝ မြန်ဆန်နေကြောင်းကို အကြွေးလည်ပင်းနစ် ထမင်းရည်သောက် နေရတဲ့ မြေသိမ်းခံ တောင်သူဦးကြီး များ နဲ့ အဝိုင်းလည်တာ ထိုင်နေကြည့်နေရတဲ့ ပြည်သူလူထု က သက်သေခံလျက်ပါပဲ။

ကိုကိုချစ် နဲ့ ကိုကိုဒင် ကြား ဗျာများ နေတဲ့ မမြဝင်း အတွက် လင်ရွေးဖို့ရာ လက်ကိုင်ပုဝါ ရှိခဲ့တယ်။  ခေတ်သစ် မမြဝင်း အတွက် ဘာစံတွေ များ ရှိပါသလဲ။   ဘာထုံးတွေများ လုပ်ပြမလဲ။

တကယ်တော့ လှေနံနှစ်ဖက် နင်းစရာ မလို၊ လှေ ကို စုံလုံးကန် ပြည်သူဆိုတဲ့ ကမ်းပါးကို နင်းလိုက်ပါတော့လား ခင်ဗျာ။  ရပ်မယ့် ရပ် ပြည်သူ့ဘက်ကပဲ မားမားမတ်မတ် ရပ်မယ်ပဲ ဆိုလိုက်ပါတော့လား ခင်ဗျာ။  စစ်လွှတ်တော် ဘက်က ရပ်မယ် ဆိုတော့ စစ်ကျွန်ဘဝ သက်ဆိုးရှည်ဦးမယ့် သဘော မရောက်ပေဘူးလား ခင်ဗျာ။

ဒါက လက်ရှိ ဂျီးလေးကြီး ရဲ့ အနေအထား။  တပ်ချုပ်ဂျီး၊ သမ္မတဂျီး၊ နယကဂျီး နဲ့ ဥက္ကဋ္ဌဂျီး (သို့မဟုတ်) လူထုခေါင်းဆောင်ဂျီး ပေါ့။

ဆရာ ဦးဝင်းတင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ထောင်တွင်းမှာ တိုင်းမ် မဂ္ဂဇင်း ခေါင်းကြီး ဆောင်းပါး ကို ဘာသာပြန်ခဲ့တဲ့ နာမည်ကျော် ဘာသာပြန်ချက် အတိုင်းဆိုရရင် “ထိပ်ထား နဲ့ သေနာများ” ရဲ့ မျက်မှောက် သဘောတွေပေါ့။

ခေတ်နည်းပညာ မျက်နှာပြင်ပေါ်မှာ လက်ကလေးတွေ သာသာယာယာ ပွတ်တိုက်ရင်း ကားမော်ဒယ် အသစ်၊ မိုဘိုင်းလ်ဖုန်း အသစ် ကို မျက်ခြေမပြတ် စောင့်ကြည့် လဲရင်း စာဖို့သောက်ဖို့ မပူရတဲ့ လူ့မလိုင် အလိများအတွက်တော့ ကျေနပ် အားရ အကောင်းမြင်နိုင်စရာ အခြေအနေပါပဲ။

လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ စစ်ပွဲတွေ ကြားက နိမ့်ကျလှတဲ့ လူမှု၊ စီးပွား၊ ကျန်းမာ ဒဏ်ကို စစ်ခရိုနီ နဲ့ အပေါင်းအပါ တစု လုပ်သမျှ နင်းခံနေရတဲ့ နင်းပြား ပြည်သူလူထု၊ အခြေခံ လူတန်းစား မြေမဲ့၊ ယာမဲ့၊ လယ်မဲ့၊ အလုပ်မဲ့၊ လက်မဲ့၊ အသံမဲ့၊ အားလုံးမဲ့နေသူတွေ အတွက်တော့ “မဲ့ပြုံး” လေး တခုတောင် ဟန်ဆောင် ပြုံး နိုင်စရာ မရှိ၊ ပြုံးရက်စရာ မရှိ။

ဒီလို အခြေမှာမှ ဖြစ်ချင်တော့ အမိမဲ့သား ရေနည်းငါး ဖြစ်နေတဲ့ ပြည်သူ့ ဘဝ ကို အမြဲ စာနာ အသံကျယ်ကျယ် ထွက်ပေးနေတဲ့ တိုင်းပြည်ရဲ့ ဒုတိယ သြဇာ အရှိဆုံး အသံရှင် “ထိပ်ထား နဲ့ သေနာ” စကားလုံး ပိုင်ရှင် ဆရာ ဦးဝင်းတင် ကပါ ဇယာထောင်းကာ ရောဂါဘယ ဖိစီးမှု ဒဏ် ဝမ်းနည်ဖွယ် ခံစားနေရတယ်။

“တိရစ္ဆာန်ရုံ က ကျားလို  လှောင်အိမ်ထဲမှာ
တလွန့်လွန့်နဲ့ 
ကျားညွန့် တုံးမယ် ထင်နေသလား၊
မှားလိုက်တဲ့အမြင် ဟားတိုက်လို့ ရယ်ချင်စရာ၊”

ဆိုခဲ့တဲ့ ဦးဝင်းတင် က တော့ ကျားရဲ တကောင်လို သေသည့်တိုင် မာန်မလျှော့ မယ့် သူပါ။

မျက်မှောက် နိုင်ငံရေး သုခမိန်ကြီးများက ထိပ်ထား အလွန် နိုင်ငံရေး အတွက် လှမ်းမျှော် ခေါင်းဆောင်မှု ပြဿနာ၊ စွမ်းဆောင်ရည် ပြဿနာ စိုးရိမ် ပူပန် သုံးသပ်နေကြတယ်။  တကယ်တော့ ကျားရဲ အလွန် နိုင်ငံရေး ကမှ ပို စိုးရိမ်ဖို့ ကောင်းတာ။

ကျားရဲ အလွန် နိုင်ငံရေး က မှ ကျောမွဲ လူထု ဟာ အနေ၊ အစား ချောင်တန်သလောက် ချောင်နေတဲ့ ပညာတတ် (ဆိုတဲ့) လူလတ်တန်းစား လူတန်စားပျက်များ၊ ခေတ် အဆက်ဆက် လူ့အဖွဲ့အစည်းရဲ့ ဆီဦးထောပတ်ကိုသာ အလျှံပယ် မျိုဆို့ နေရတဲ့ လူ့မလိုင် ရေပေါ်ဆီများ၊ စစ်အုပ်စုနဲ့ ခရိုနီ ပေါင်း စစ်အရင်းရှင်များ၊ လူတစု အတွက်သာ ဇောင်းပေးချင်တဲ့ တလှေတည်းစီး၊ တခရီးတည်း သွား ပြည်သူတွေ ငတ်ပြတ်နေချိန်မှာ တယောက်တည်း ထမင်းထုပ်ဖြည်စားချင်နေကြသူ လူတစု နိုင်ငံရေးသမားများ လက်ကို ဝကွက် အပ်ရတော့မှာ၊ ဒါကမှ တကယ် ဝမ်းနည်း စိုးရိမ်ဖို့ ကောင်းတဲ့ အခြေအနေ။

ဒီလို နောက်ခံမှာ ခံနေကျ ပြည်သူအတွက် စိတ်အချဉ်ပေါက်မှုတွေကို အံထုတ်ရင်း ပြည့်ဖို့ မရေရာတဲ့ ဆုတွေ ကို အမှတ်မရှိ တောင်းရုံကလွဲလို့ ဘာများတတ် နိုင်မည်နည်း။

ထိပ်ထား တယောက် လမ်းမှန်စေ၊
သေနာကြီးများ အသိ မှန်စေ၊

“မှတ်ထားဟေ့..
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲသရွေ့
အထင်းသားစွဲ သရွေ့
ကျားရဲဟာ ကျားရဲ
ငါလည်း
အဲဒီလိုပဲကွ .. ဟေ့..”

ဆိုကာ ကျားရဲစိတ်၊ ကျားရဲမာန် ကြုံးဝါးခဲ့တဲ့
ကျားရဲကြီး တယောက်လည်း
သက်ရှည် ကျန်းမာ စေကြောင်းပါ။

ငြိမ်းချမ်းအေး
မတ်လ ၃၀၊ ၂၀၁၄