ငြိမ်းချမ်းအေး - မာဒီဗာ ဦးဝင်းတင်

မာဒီဗာ ဦးဝင်းတင်
ငြိမ်းချမ်းအေး။ မိုးမခ
ဧပြီ ၂၀၊ ၂၀၁၄


 Photo by James Mackay
Copyright © James Mackay / enigmaimages.net

လွန်ခဲ့တဲ့ နှစ်ငါးဆယ် က ဒီလို နေ့မျိုးမှာ မန်ဒဲလား က နောင် ကမ္ဘာကျော်လာမယ့် လျှောက်လဲချက် မိန့်ခွန်း တခု ပေးခဲ့တယ်။  ရီဗိုနီယား တရားရုံး သူ့ ကို စစ်တဲ့ တရားခွင်မှာ ပေးခဲ့တဲ့ လျှောက်လဲချက် အဆုံး နိဂုံးမှာ --

“ကျွန်ုပ် ဘဝ တလျှောက် အာဖရိက လူမျိုးတွေရဲ့ တော်လှန်ရေး အတွက် ဘဝတခုလုံးကို မြှပ်နှံ့ ထားတယ်၊ လူဖြူကြီးစိုးမှု ကို ကျွန်ုပ် တော်လှန်တယ်၊ လူမည်းကြီးစိုးမှုကိုလည်း တော်လှန်တယ်။  လူသား အားလုံး တန်းတူညီမျှ အခွင့်အရေး ခံစားရပြီး သမမျှတ အတူလက်တွဲ နေထိုင် နိုင်တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီ လူ့ဘောင်လောက တည်ဆောက်ခြင်း ဆိုတဲ့ အတွေးအခေါ် ကို ကာကွယ် ချစ်မြတ်နိုးတယ်၊  ဒီ အရာ အောင်မြင် အောင် လုပ်နိုင်ဖို့ မျှော်ရည်တယ်၊ ဒီ့အတွက် မျှောင်လင့် အသက်ရှင်မယ်၊ လိုအပ်ပါက ဒီ့အတွက် ကျွန်ုပ် သေဖို့ အသင့် ရှိတယ်။”

လို့ ရဲရဲတောက် ဆိုခဲ့တယ်။

မာဒီဗာ ဟာ သူ့ ရဲ့ ဒီ ခိုင်မာတဲ့ သန္နိဋ္ဌာန်  စကား၊ အဓိဋ္ဌာန် ပြုချက်ကို နှစ်ပေါင်းသုံးဆယ် အကြာမှာ အကောင်အထည် ဖော်နိုင်ခဲ့တယ်။  အရင်းရှင် စီးပွားစနစ် ဆိုးရဲ့ တဖက်စောင်းနင်း လူမှု-စီးပွား အခြေအနေကို တောင်အာဖရိက မဖြေရှင်းနိုင်သေးပေမယ့် အသားအရောင် လူမျိုးရေး အခြေခံ ခွဲခြား ဖိနှိပ်ဆက်ဆံမှု အပါထိုက် စနစ်ကိုတော့ ပပျောက် အောင် စွမ်းဆောင် ပေးနိုင်ခဲ့တယ်။

ကိုယ်ယုံကြည် မြတ်နိုးတဲ့ အကြောင်းအရာ တခု အတွက်၊ အတွေးအခေါ် အတွက်၊ အမှန်တရား၊ လွတ်လပ်မှု နဲ့ ဒီမိုကရေစီ အတွက် အသက်စွန့်ဖို့သည့်တိုင် ပြင်ဆင်ပြီး တိုက်ပွဲဝင်သူ များရဲ့ နောက်ဆုံး ပန်းတိုင်ဟာ အောင်မြင်ခြင်း ဖြစ်တယ်။  တနည်း ဒီမိုကရေစီ နဲ့ သာတူညီမျှ လွတ်လပ်ခြင်း ပန်းတိုင် လမ်းကို မယိုင်မလဲ လျှောက်လှမ်း ဖို့ အဓိဋ္ဌာန် ပြု တိုက်ပွဲဝင်သူများဟာ ‘ဒီ’ လမ်း၊ ‘ဒီ’ ခရီး၊ ‘ဒီ’ ပန်းတိုင် ဒီမိုကရေစီ လောကနိဗ္ဗာန် အတွက် အသက်စွန့်ဖို့ ပြင်ဆင်ပြီးသူများ ဖြစ်တယ်။

ကမ္ဘာ့ မတရားမှု တော်လှန်ရေး အားလုံးက တော်လှန်ရေး သူရဲကောင်း စစ်စစ် အပေါင်းဟာလည်း ဒီလို စိတ်ဓာတ်၊ လမ်းစဉ်မျိုးနဲ့ပဲ တော်လှန်ရေး ခရီး ပန်းတိုင် လျှောက်လှမ်းခဲ့ကြတယ်။

ဒီအထဲက တဦးကတော့ ဗမာ့ ဒီမိုကရေစီ အရေးတော်ပုံတပ်သားကြီး ဆရာ ဦးဝင်းတင် ပါပဲ။

ဦးဝင်းတင် အခု လူကြီးရောဂါ အဖုံဖုံ နဲ့ နာမကျန်း ဖြစ်နေတော့ ပြည်သူလူထု မှာ စိုးရိမ်သောက ရောက်နေရတယ်။

တကယ်တော့ ဦးဝင်းတင် ဟာ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကို လျှောက်ရင်းနဲ့ စတင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံ တော်လှန်ရေး သမား ဘဝကို စ လှမ်းကတည်းက ဒီ့ အတွက် သေဖို့ အဆင်သင့် ဆိုတဲ့ စိတ်ဓာတ် နဲ့ စတင်ခဲ့ခြင်း ဖြစ်တယ်။  ဒီ စိတ်ဓာတ် ကြောင့် သူ ဟာ ထောင် တွင်း ငရဲခန်း တွေ ကို အကြိမ်ကြိမ် ဖြတ်သန်းရလည်း ဘယ်တော့မှ သွေးကြောင် မသွားခဲ့ဘူး။

ဒါပေမယ့် သူ ချစ်မြတ်နိုးတဲ့ ဗမာပြည် ရဲ့ ပကတိ အခြေအနေအမှန်ကိုလည်း သိနေတော့ သူ အမြဲ လက်ကိုင်ထားရတဲ့ ဝါဒ က တော့ အသက်ရှည်ရေး ဝါဒ ဖြစ်တယ်။  သူ အသက် ရှည်မှ မဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲ ဆက်လက် ဆင်နွှဲနိုင်မယ် ဆိုတာ သူ သိနေတယ်။  ဘယ်သူ မှ မရှောင်လွဲနိုင်တဲ့ မမြဲတဲ့ အနိစ္စ သဘော၊ သင်္ခါရ တရားမို့ သေရရင်တောင် မှ ဒီမိုကရေစီ တိုက်ပွဲ ဝင်ရင်းပဲ သူ သေချင်တယ်။

တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ ရဲ့ ပေးဆပ်မှုတွေ၊ စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်မှုတွေ အတွက် သူ့ ကျေးဇူး တွေ ဗမာပြည်အပေါ် ဆပ်မကုန်နိုင် ရှိနေပြီး ဖြစ်ပေမယ့် သူ့ ဘာသာတော့ ရောင့်ရဲ တင်းတိမ်နိုင်ခြင်း မရှိသေးဘဲ ဒီမိုကရေစီ တိုက်ပွဲ ဆုံးခန်းတိုင် ဆင်နွှဲဖို့ အမြဲ စိတ်အားထန်သန် ရည်သန်နေတယ်။  ဒါကြောင့်လည်း ဦးဝင်းတင် ဟာ အသက်ရှည်ရေး ကို အမြဲ ဦးတည် ဆိုခဲ့တယ်။

၁၉၉၅ အသက် ၆၅ နှစ် အရွယ် အင်းစိန် ထောင်တွင်း စစ်အစိုးရ တရားခွင်မှာ စစ်ဆေးမေးမြန်းတော့ မာဒီဗာ့ တရားခွင် မိန့်ခွန်းလိုပဲ ရဲရဲတောက် ဆိုတယ်၊  ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲရဦးမှာ ဖြစ်တာကြောင့် နောင် နှစ်ပေါင်းငါးဆယ် အသက်ရှည်ဦးမယ် ဆိုတဲ့အကြောင်း ခိုင်မာ ပြတ်သား ဆိုရင်း စစ်အာဏာရှင် များ ကို ကြောက်ဒူး တုန်စေခဲ့တယ်။  စစ်ဗိုလ်ချုပ်ကြီးများ ကြောက်ဒူး တုန် မတုန်ဆို ဘာ အပြစ် မှ မရှိ၊ အပ်တို တချောင်း ကိုင် မထားတဲ့ သူ့ ကို အဲ့ဒီ တရားခွင် အပြီး ထောင်နှစ်ရှည် ဆက်ချထားတာသာ ကြည့်ပေါ့။

အခု ဆေးရုံ မတင်ခင် ကျင်းပခဲ့တဲ့ ၂၀၁၄ အသက် (၈၄) နှစ် ပြည့် မွေးနေ့ မှာလည်း အို စရာ ရှိ၊ နာ စရာ ရှိ၊ သေ စရာ ရှိရှင်တောင် သေလို့ မဖြစ်သေးတဲ့ အကြောင်း၊  စစ်အာဏာရှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ရဦးမယ် ဖြစ်ကြောင်း ကို ဇောင်းပေး ဆိုကာ အသက်ရှည်ရေးဝါဒ ကိုပဲ ဆက်လက် ကိုင်ဆွဲခဲ့တယ်။

အခု ဆေးရုံပေါ်မှာလည်း ဒီ ဝါဒ ကို ပဲ ကိုင်ဆွဲ သေမင်း နဲ့ စစ်ခင်း တိုက်ပွဲနေရှာတယ်။

ဗမာပြည် အတွက် ကံအကောင်း အကြောင်းမလှမှုက ဒီမိုကရေစီ ခရီးပန်းတိုင် အဆုံးတိုင် မရောက်ခင် ချိန်မှာ အရေးတော်ပုံ ရဲ့ အမာခံ တပ်သားကြီး အခုလို ကျန်းမာရေး ချည့်နဲ့ ယိုင်ဆင်း ကျ လာခြင်းပါ။  မယိုင်ဘဲလည်း ဘယ်ခံနိုင်ပ့ါမလား။  စနစ်ဆိုး၊ လူဆိုးတွေက ထောင်ထဲ၊ တန်းထဲ၊ စစ်ခွေးတိုက်ထဲ ၁၉ နှစ်ကြာ ထည့်ပြီး ဒီမိုကရေစီ မာန်ကျ လေမလား ဆိုပြီး နင်း နှိပ်စက်ခဲ့တာကိုး။  သွေးသား နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ် သာ ယိမ်းယိုင် ခဲ့တယ်၊ စိတ်ဓာတ် က မိုးထိ တက်လျက် ပြန် ထွက်ခဲ့တယ်။

အို ပေမယ့် စွမ်းဆဲ၊ နာ ပေမယ့် စူး ဆဲ၊ သေရင်တောင် အရိုးတွန် ဦးမည့် စိတ်ဓာတ် သံမဏိ ပုဂ္ဂလ်မျိုး ကိုး။

စ လာကတည်းက မန်ဒဲလား လို သေဖို့ပြင်ဆင်ပြီး မှ ဒီခရီးကို ထွက်ခဲ့သူ ကိုး။  ခရီး ဆုံး အောင် လျှောက်နိုင်ဖို့လည်း အသက်ရှည်ရေး ဝါဒ ကို အမြဲ ဆွဲကိုင် ထားသူ ကိုး။

ဗမာပြည် မျက်မှောက် ဒီမိုကရေစီ အခင်းအကျင်း ကို ကြည့်ပြန်ရင်လည်း ဒီ ဘသက်ရှည် အရေးတော်ပုံ တပ်သား ကျားရဲကြီးကို အဆုံးအရှုံး မခံနိုင်သေးဘူး။  ကျားရဲ အလွန် နိုင်ငံ အရေး၊ ဒီမိုကရေစီ အရေး၊ လူမှု တရားမျှတမှု အရေး အတွက် ဗမာပြည် ဘာမှ မပြင်ဆင်ရသေးဘူး။  ကျားရဲ အလွန် ခေတ် မှာ လူတစု နိုင်ငံရေးသမား ကြည်စေ၊ အေးစေ ရွှေပြည်အေး တရားဟောမယ့် ဝင်း-ဝင်း ဖယောင်းတိုင် သမား ပေါင်းစားရေး လမ်းစဉ် များ သာ အများစု ကြီးစိုးဖို့ရာ ရှိကာ အခြေခံ နင်းပြား လူအများမှာ ပြားသထက် ပြားဖို့ လမ်းမြင်နေရတယ်။  ဒီ့အတွက် ကျားရဲကြီး ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်မှု၊ အသံထွက်မှု လိုနေသေးတယ်။

တောင် အာဖရိက သား များရဲ့ ဖခင် မာဒီဗာ ကြီး ရဲ့ “အသေခံဖို့ အဆင်သင့်” မိန့်ခွန်း ရွှေရတု နှစ်ပတ်လည်နေ့မှာ မတရားမှု တော်လှန်ရေး ခရီးလမ်းအတွက် အသက်ကို စွန့်ဖို့ (ဝါ) သေဖို့ပြင်ဆင်ပြီးသူ နောက်တယောက် ဖြစ်တဲ့ ဗမာပြည်သူ ပြည်သား များရဲ့ ရှေ့ဆောင် လမ်းပြ ဗမာ မာဒီဗာကြီး ဦးဝင်းတင် တယောက် ကိုင်ဆွဲရာ အသက်ရှည်ရေးဝါဒ အတိင်း သက်ရှည်၊ ကျန်းမာ ဒီမိုကရေစီ တိုက်ပွဲ ဆက်လက် ဆင်နွှဲကာ ဒီမိုကရေစီ ပန်းတိုင် အဆုံးတိုင် လျှောက်လှမ်းဖို့ မဖြစ်မနေ လိုအပ်ကြောင်း ထပ်မံ တင်ပြရင်း ဆရာဦးဝင်းတင် အတွက် ဆုတောင်း မေတ္တာ ထပ်ဆင့် ပို့သ လိုက်ပါတယ်။

ငြိမ်းချမ်းအေး
ဧပြီ ၂၀၊ ၂၀၁၄

ဆက်စပ် မိုးမခ ဆောင်းပါးဟောင်းများ ဖတ်ရန် -

ကျန်စစ်သားကြီး ဆက်ကျန် ဦးမည်

ထိပ်ထား၊ သေနာ နဲ့ ကျားရဲ

ဦးဝင်းတင် (သို့မဟုတ်) ကဏန်း ကိုယ်ထည်

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း - ၁)

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း - ၂)