ငြိမ်းချမ်းအေး - ကျန်စစ်သားကြီး ဆက်ကျန် ဦးမည်

ကျန်စစ်သားကြီး ဆက်ကျန် ဦးမည်
ငြိမ်းချမ်းအေး
ဧပြီ ၁၉၊ ၂၀၁၄

Photo by James Mackay
Copyright © James Mackay / enigmaimages.net

ဒေါ်အောင်ဆန်းစုကြည် ဆရာဦးဝင်းတင်ကို သွားတွေ့တယ်ဆိုတော့ သူ့ကိုလည်း ဦးဝင်းတင် မောင်မိုးသူကို ပြောသလို ပြောလိုက်သေးလား မသိဘူး။

ဟိုတပတ်က မောင်မိုးသူကို “ကျုပ်က ခင်ဗျားမသေခင် တွေ့ချင်တယ်လို့ ပြောတာပါ၊ တခြားမတွေးပါနဲ့” လို့ အရေးပေါ် လူနာခုတင်ပေါ် လဲလျက်ကနေ ဦးဝင်းတင် ဆိုလိုက်တဲ့စကားက သူ့ရဲ့  စိတ်ရုပ်ခံကို မြင်နိုင်တယ်။ ဒီလူကြီးတွေရဲ့ ရင်းနှီးမှုအတိုင်းအတာ၊ ဖြတ်သန်းခဲ့မှု တွေကို တွေ့နိုင်တယ်။ မောင်မိုးသူက ဦးဝင်းတင်ထက်ငယ်ပေမယ့် သူတို့သူငယ်ချင်း၊ အပေါင်းအသင်း အရင်းတွေအဖြစ် တသက်လုံးပဲ ဒီလို အရွှန်း၊ အသောတွေနဲ့ လူ့ဘဝ၊ ထောင်ဘဝကို ဖြတ်ခဲ့ကြတယ်။

ဘကြီးမိုးတို့၊ မောင်သော်ကတို့ရဲ့ ဟာသတွေ၊ ငေါ့လုံးတွေ၊ သရော်မှုတွေကတော့ စာပေ၊ နိုင်ငံရေး၊ ထောင်လောကတွေမှာ ကျော်ကြား တယ်။  ဦးဝင်းတင်ကတော့ အဲ့သလို မထင်ရှားပေမယ့် သူ့မိတ်ဆွေ အရင်းတွေနဲ့ဆိုရင် ဒီလိုပဲ ပျော်ပျော်ပါးပါး နောက်ပြောင် ပြောလေ့၊ ဆိုလေ့ ရှိတယ်။  “နှုတ်ခမ်းမွှေးနဲ့ ငမိုး မန္တလေးကို ဂိုး” ဆိုတာ ဦးဝင်းတင် ဦးမိုးသူကို ပြောနေကျစကားပေါ့။

နိုင်ငံရေး ခံယူချက် စိတ်ဓာတ်ပြင်းလှတဲ့ ဦးဝင်းတင်ကို လူအများက မာမာထန်၊ အကြောမာသူကြီးလို့ အထင်မှားတတ်ကြတယ်။  ဦးဝင်း တင်ဟာ ယုံကြည်ချက်အတွက် စကားတွေ၊ လေသံတွေ အမြဲလိုလို မာကောင်းမာနေနိုင်ပေမယ့် သူ့မှာ ဟာသဓာတ်ခံ အပြည့်ရှိတယ်။  သူ့ စကားတွေ၊ သူ့စာတွေမှာ သူ့ရဲ့ ဟာသအကြည်ဓာတ်ခံကို တစွန်းတစ တွေ့ရတတ်တယ်။

ဒုက္ခ ဆင်းရဲ ခံစားရမှုကို ပြန်ရေးရာမျိုးမှာဆိုရင် ဥပမာ သူ့ချစ်မိတ်ဆွေ ရောင်းရင်းကြီး မောင်သောက (ဦးဘသော်) ထောင်ထဲမှာပဲ ဆုံး ကြောင်း ကြားတော့ သူစိတ်မကောင်းဖြစ်ရင်း (သူ့အခေါ်) ဘီတီကြီးအတွက် သူ့ ထောင်ဝင်စာ မန္တလေးဒေါ်မြရင် ဝက်အူချောင်းတွေကို အကျဉ်းတတိုက်လုံးဝေရင်း မိတ်ဆွေ မွတ်ဆလင်ကြီးအတွက် ဝက်အူချောင်း သပိတ်သွတ်ပေးရပုံ လောကရဲ့ ကမောက်ကမနိုင်မှုကို ပါးပါးလေး ထည့်ရေးတတ်တယ်။

ဦးဝင်းတင်ဆီက အမြဲလိုလို ကြားရ၊ ဖတ်ရတတ်တဲ့ အပြော၊ အရေးမျိုးကတော့ စနစ်ဆိုးရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေကို ရယ်သွမ်းသွေး သရော် လှောင်ပြောင် ဘာမထီ ပြန်လှန် အာခံတတ်မှုမျိုးပါပဲ။

သူငယ်စဉ်က ထိန်းကျောင်း လာခဲ့ဖူးတဲ့ ကလေး (စာနယ်ဇင်းသမား မိတ်ဆွေရဲ့ သား) က စစ်အစိုးရ တီဗွီ မှာ “မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား.. မင်း ဆယ့်ရှစ်နှစ်ပြည့်ပြီလား..” နဲ့ စစ်လွှတ်တော် နိုင်ငံရေး စတင်လမ်းကြောင်းရွေးကောက်ပွဲ လော်ဘီလုပ်ပေးနေတာကို ထောင်တီဗွီ က နေ အမြဲမပြတ်ကြားနေရတော့ နားကြားပြင်းကတ် ပြီး “ဟေ့.. မင်း.. ဆယ့်ရှစ်နှစ် ပြည့် မပြည့်တော့ မသိဘူး၊ ငါတော့ ဆယ့်ရှစ်နှစ်ပြည့်ပြီးလို့ ဆယ့်ကိုးနှစ်တောင် ရောက်ပြီကွ၊ ထောင်ဆွေးမလား၊ ငါ ဆွေးမလား မသိဘူးဟေ့” လို့ တီဗွီကို ပြန်အော်တတ်တဲ့ အရွဲ့တိုက်မှုမျိုးဟာ ဦးဝင်းတင်ရဲ့ ပင်ကိုယ်ဟန်ပါ။  ဒီ အော်သံကြားတော့ ထောင်ထဲရောက်နေတဲ့ စစ်အာဏာရှင်ဟောင်းကြီးရဲ့မြေးတော် တပါးကတောင် သ ဘောကျ ရယ် ဆိုပဲ။

အာဏာရှင် တပူရိုင်းတွေ
ဟားဟားသံ ဝိုင်းဝိုင်းပတ်တော့
အရူးမီးဝိုင်း ဇာတ်ခင်းကြ
ငိုချင်း ချ လိုက်ချ ဘီလူးကြိမ်း ကြိမ်းလိုကြိမ်း
ဟိန်းလိုက် ဟောက်လိုက်
ကြိမ်းလိုက် ငေါက်လိုက်
ကြောက်မယ် ထင်သလား
ဟားဟား.. ဟားဟား..
ဟား.. ဟား.. ဟား..

ဆိုတဲ့ အရေးမျိုးက Typical ဦးဝင်းတင် လေသံပါပဲ။

ဦးဝင်းတင် ဟာ ဒီလို ဟားတိုက်ပွဲ တွေ ဆင်နွှဲရင်း လူ့ ငရဲ ထောင်သက် (၁၉) နှစ်ကို အံတု ဖြတ်သန်းလာခဲ့သူ၊ စစ်အာဏာရှင်စနစ်ကို တသက်လုံး ဒူးမထောက်၊ လက်မမြှောက် တွန်းလှန် ဆန့်ကျင်နေသူပါ။

အခု အရေးပေါ် လူနာခုတင်ပေါ်ကတောင် “ကျုပ်… တနေ့ကို ‘အဟမ်း.. အဟမ်း.. ထွီ..’ ဆိုပြီး လုပ်တယ်ဗျ။  ‘အဟမ်း.. အဟမ်း..’ က တော့ ချောင်းဟန့်တာပေါ့ဗျာ၊ ‘ထွီ’ ဆိုတာကတော့ စစ်အစိုးရကို ရွံလို့ဗျာ” ဆိုတဲ့ အပြောမျိုးတွေနဲ့ ရွဲ့နိုင်၊ လှောင်နိုင်၊ တုံ့ပြန် နိုင်စွမ်းသူပါ။

ဆရာဦးဝင်းတင်ရဲ့ ထောင်ထဲမှာ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တခု ရှိတယ်။

စိတ်ဓာတ်မကျိုးပဲ့စေနဲ့၊
ကျန်းမာရေး မကျိုးပဲ့စေနဲ့၊
စုဖွဲ့မှု မကျိုးပဲ့စေနဲ့။

အခု အချိန်မှာ ဒီလူကြီးတွေရဲ့ ကျန်းမာရေးတွေ ယိုင်နဲ့နေပါပြီ။ ဒါပေမယ့် ကျိုးပဲ့တဲ့အဆင့် မရောက်နိုင်ပါဘူး။  စုဖွဲ့မှုနဲ့ စိတ်ဓာတ်ကတော့ မယိုင်လဲ၊ မကျိုးပဲ့ရုံမက ဒေါင်ဒေါင်မြည်လျက်ပါပဲ။

နောက်ဆုံး ရုပ် ခန္ဓာ ကျိုးပဲ့ တဲ့ အဆင့် ရောက်သည့်တိုင်လည်း

“သွားကြွေ၊ ခါးကျိုး သေတောတိုးလည်း
အရိုးတွေတော့ တွန်လိမ့်မည်။”

ဆိုတဲ့ မယိုင်မလဲ စိတ်ဓာတ်၊ အကျင့်၊ ရပ်တည်ချက်ဟာ ဦးဝင်းတင်ရဲ့ ကျန်ရစ်ခဲ့မယ့် သမိုင်းပုံရိပ်၊ မှတ်တိုင်ပါ။

၁၉၉၀ ခုနှစ်များမှာ နဝတ စစ်ဗိုလ်ချုပ်ကြီးများဟာ စစ်ဘုရင် သူရဲကောင်းဝါဒ ကိုးကွယ် အမွှမ်းတင်၊ နေရာတကာမှာ ပွဲထုတ်ရင်း ပဒေ သရာဇ် မင်း ရူး ရူးကြတယ်။  ဒီထဲမှာ ပြုခဲ့တဲ့ အကုသိုလ်နဲ့အတူ ရူးတော့မယ့် တပ်ချုပ်ကြီးက “ကျုပ်ဟာ ကျန်စစ်သား.. ကျန်စစ်သား” ဆိုပြီး လူပုံအလယ်မှာ ကြွေးကြော် တတ်တယ်။

နောက်တော့ စစ်တပ်အာဏာလုပွဲတွေဖြစ်၊ အာဏာရှင် အသစ်ပြောင်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ အကြိမ်ကြိမ် ဟန်ပြ လူကြားကောင်းရုံ လွှတ်ကြတယ်။  လွှတ်မယ့် အသံကြားတိုင်း မိတ်ဆွေတွေ၊ ထောင်ကျ ဗေဒင်ဆရာ၊ အကြားမြင်ဆရာတွေ၊ ထောင် ဝန်ထမ်းတွေ အားလုံး လိုလိုက ဆရာဦးဝင်တင်များ ပါမလားဆိုပြီး ထင်ကြေးပေး၊ ဟောကိန်းထုတ်ကြတယ်။  စစ်ထောက်လှမ်ရေးကလည်း ဦးဝင်းတင်ကို အကြိမ်ကြိမ် ခံဝန်ချက်ထိုးဖို့ ကမ်းလှမ်းတယ်၊ ဦးဝင်းတင် လက်မခံဘူး။

နောက်ဆုံး မိတ်ဆွေ တချို့သာ တကယ်လွတ်သွားပေမယ့် ဦးဝင်းတင်ကျတော့ အနှောင့်အဖွဲ့မပါဘဲ လွှတ်ပေးမှုမျိုး မရှိခဲ့ဘူး။  ဒီတော့ ဘာမထီတဲ့ ဦးဝင်တင် ပဲ၊ စနစ်ဆိုး၊ လူဆိုးတွေကို ပြက်ရယ် ပြုခြင်းနဲ့ပဲ တုံ့ပြန်ခဲ့တာပေါ့။

“ဟေ့.. ငါ ကျန်စစ်သားဟေ့..၊ တယောက်တည်းလည်း ကျန်ရစ်ခဲ့မယ့် ကျန်စစ်သားကွ၊ ဘယ်ကောင်မှ ကျန်စစ်သား မဟုတ်ဘူး” ပြန်လည် အံတု ကြုံးဝါး ကျားရဲစိတ် ကျားရဲမာန်ကို ဟာသဓာတ်ခံနဲ့ ထုတ်ပြခဲ့ဖူးတယ်။

အခုလည်း ဇရာထောင်းလို့ အရေးပေါ် ရောက်နေရပေမယ့် ဦးဝင်းတင် ကျန်စစ်သားကြီး ဆက်လက် ကျန်ရစ်အာဏာရှင်များကို ဟားတိုက် အံတု နေဦးမည် ဖြစ်ကြောင်းပါ။

ငြိမ်းချမ်းအေး
ဧပြီ ၁၉၊ ၂၀၁၄

ဆရာဦးဝင်းတင်အကြောင်း ဆက်စပ် စာရေးသူ၏ မိုးမခဆောင်းပါးဟောင်းများ ဖတ်ရန် - 

ထိပ်ထား၊ သေနာနဲ့ ကျားရဲ
Read @ http://moemaka.com/archives/36651
http://moemaka.blogspot.com.au/2014/03/nyein-chan-aye_29.html

ဦးဝင်းတင် (သို့မဟုတ်) ကဏန်း ကိုယ်ထည်
Read @ http://moemaka.com/archives/36328
http://moemaka.blogspot.com.au/2014/03/blog-post_12.html

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း - ၁)
Read @ http://moemaka.com/?p=21380

စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် (အပိုင်း - ၂)
Read @ http://moemaka.com/?p=21402