လင်းထင် - အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော


လင်းထင် - အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
မိုးမခ၊ စက်တင်ဘာ ၄၊ ၂၀၁၄
ကိုချော... ကဗျာ တပုဒ်ရေးလို့ ပိုက်ဆံဘယ်လောက်ရဖူးသလဲ၊ ဘယ်သူက ငါးထောင်ပေးခဲ့သလဲ။
ကော်ပီသီချင်းနဲ့ ရုပ်ရှင်ဇာတ်ညွှန်းမရေး၊ မဂ္ဂဇင်း အယ်ဒီတာမလုပ်၊ ကဗျာဆရာ အလံ မြင့်မြင့်ထူတော့ ညီမလေး မမမြင့်က ကမ္ဘာထဲ ပုဝင်သွား၊ ကိုယ့် အာစရိ အသည်းကြီးသာ ရောင်ကိုင်းကိုင်းနဲ့ မြန်မာပြည်ပေါ်မှာ ပေတေတေ..ရီဝေေ၀... ကလေကချေ။
ဗန်းမော်ကနေ ကော့သောင်းအထိ ကိုချော ကဗျာ အလွတ်မရတဲ့လူငယ် မရှိဘူး။
အာစရိဟာ တကယ်ထွန်းကားခဲ့၊ ထွန်ခြစ်ကြောင်းအတိုင်း စိမ့်ထွက်လာတဲ့ သွေးများ တလိမ်းလိမ်းနဲ့ ကျနော်များပါ စိတ်ကြီးဝင်၊ ကျနော်တို့ ရဲရင့်ခဲ့ပုံများ။  လှိုင်းတွန့်ဆံပင် ဘိုကေခွဲနဲ့ ငါတို့ ကိုချော မအိုခင် နာသွား၊ သေသွား.... နှုတ်ခမ်းမွှေးစစမှာ လူဖြစ်ရတဲ့ ဒုက္ခတွေ ကပ်ငြိလို့ပါကလား။
ခင်ဗျား အပေါ် ပေးစာ၊ ကမ်းစာ ဆိုတာနဲ့ တန်ဖိုးမဖြတ်၊ ခင်ဗျား အန်ဖတ်က ရေနံထက် အဖိုးထိုက်တန်၊ ရေဒီယို သတ္တိကြွတဲ့ ယူရေနီယမ် အိုင်ဆိုတုပ်လို ခင်ဗျား ရင်ဘတ်ထဲက နှလုံးသား ကျနော်တို့ အလေးအမြတ်ထား၊ ခင်ဗျား မူယာမာယာ စကားများ ရွှေထက် နှစ်လိုဖွယ်ကောင်းပါ့လား....။ 
ဒါပေမယ့် ခင်ဗျား မသေခင် ခင်ဗျားအလိုအပ်ခဲ့ဆုံးက ပေးစာ၊ကမ်းစာသာ အဓိကပဲ မဟုတ်လား။ 
တပြည်လုံးက လူငယ်တွေ ကျောင်း အဆဲန်ဘလီမှာ စုဝေးသလို အုပ်လိုက် မတ်တပ်ရပ်လို့ ခင်ဗျား ကဗျာတွေ ရွတ်ဆိုပြလည်း ခင်ဗျားရဲ့ အသည်း ဂျူံးဂျူံးကျကြီးအတွက်၊ အလံရှိရှိ မရှိရှိ မထူးတဲ့ဘ၀ မမမြင့် ဆိုတဲ့ ရထားမကြီးအတွက်၊ မသေခင် ရက်စက်သောဂီတ ကို ဖွဲ့ဆိုရတဲ့ ခင်ဗျား သမီး သစ်ရွက်ကြွေတွေအတွက် ပေးစာ၊ ကမ်းစာကသာ အဓိကပဲ မဟုတ်လား။
ခင်ဗျားကို ချစ်ကြ၊ ခင်ဗျားကဗျာကို လိုချင်ကြ၊ ပေးစာကမ်းစာ စွန့်ကြဲကြ။  အခုထိ ခင်ဗျားကို ချစ်ကြ၊ ခင်ဗျား ကဗျာကို လိုချင်လည်း အသစ်မရနိုင်တော့သမို့ အဟောင်းတွေသာ မျှဝေကြ၊ လက်ဆင့်ကမ်းကြ၊ ပေးစာကမ်းစာလည်း စွန့်ကြဲဖို့ မလိုတော့ပ။
ကိုချော... ကိုချော အလကား မတ်တင်း အမျိုးသားကဗျာ ဆရာကြီးဘ၀ ခင်ဗျား ရရှိခဲ့ပေါ့ဗျ။
မတော်... ခုနေ ခင်ဗျား ပြန်ရှင်များလာမိရင်၊ ခင်ဗျားအချစ်ခံရပုံတွေကို လောကဓံထက် ပြင်းတဲ့ တောအရက် ပြင်းပြင်းနဲ့ လဲသောက်၊ နောက်တစ်ကြိမ် ထပ်ကျော့လို့ ချက်ခြင်းသေသွားဖို့ ခင်ဗျား ၀န်လေးမှာ မဟုတ်ဘူး။  ဒါပဲ အအေးဆုံး မဟုတ်လား။
လင်းထင်

(မောင်ချောနွယ် (၁၉၄၉-၂၀၀၂) ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် (ကို) လင်းထင် Facebook စာမျက်နှာ https://www.facebook.com/linayehtin?fref=ts  ကနေ ကူးယူ ဖော်ပြလိုက်ပါသည်။  မောင်ချောနွယ် ဓာတ်ပုံကို ကိုဒိုနီ (Doney MP) က မျှဝေပါသည်။)