လင်းအေးထင် - အပ္ပမာဒေန သမ္မာဒေထ



လင်းအေးထင် - အပ္ပမာဒေန သမ္မာဒေထ
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၅

ခင်ဝမ်း.. မွန်းအောင် သီချင်းတို့က
ကျနော့်ကို အတိတ်ဆိုတဲ့ ဆင်ခြေလျှောအတိုင်း
ဘီးတပ် တွန်းလွှတ်တဲ့အခါ
နူးညွတ်သော ပီတိအစုံ ထိရှသော ခံစားမှုတို့နဲ့
ကျနော် အလိုတူစွာ ရင်ခုန်လှုပ်ခတ် လျှောဆင်းခဲ့ပါရဲ့။

ခင်ဝမ်းသံကြားကတည်းက 'ပြည်မှာဆောင်း' နဲ့တင် ဘယ်ပြီးလိမ့်မလဲ၊ 
စိတ်ဟာ ‘ဆယ်လ်မွန်ငါး’ တို့နဲ့ အတူ ပြန်တယ်၊ ‘မုန်တိုင်းစင်ရော်’ အသွင် ကူးပြောင်းတယ်၊
ရှယ်လီရဲ့ဒဿနကို ရွတ်ဆိုရင်း ရေတွင်းထဲ ကျနော် အော်ချလိုက်တယ်... 'နှ င်းးးး '။

ကျနော်ဟာ တကယ်တမ်းကျ ‘နှင်းဆီဖြူရဲ့အဝေးက လူတစ်ယောက်’ မဟုတ်လား။
အဲဒီ့ နှင်းဆီဖြူထံပါး ရှိခဲ့စဉ်အခါက.....
ဖော်ဝေး အောင်ချိမ့် မောင်ချောနွယ် ကဗျာတွေ ဖတ်ခဲ့ရတဲ့အတွက်.... 
ခင်ဝမ်း မွန်းအောင် ကိုနေဝင်း သီချင်းတွေ နားထောင်ခဲ့ရတဲ့အတွက်... 
ခင်မောင်ရင် ပေါ်ဦးသက် မောင်ဒီ့ ပန်းချီတွေ ခံစားခဲ့ရတဲ့အတွက်...

ကျနော့် အနှစ်နှစ်ဆယ်ကျော် ဖြစ်တည်ရခြင်းဟာ အဓိပ္ပာယ်ပြည့်ဝခဲ့ပါတယ်၊ 
နေရာမှန် ဌာနေဟောင်းကို ပြတ်ထင်စွာ သိနားလည်ခဲ့ပါတယ်၊ ရန်သူ မိတ်ဆွေ ကွဲပြားခဲ့ပါတယ်၊ 
ကိုပေါ်ဦးဟာ ငါတို့ခေါင်းဆောင်ရယ်လို့ ကျနော့်လူအဖြစ်ဟာ ခမ်းနားကြီးကျယ်ခဲ့ပါတယ်၊
ကျနော့် အသက်ရှင်ရမှုဟာ ဒေါင်းအလှ ဒေါင်းဗေဒတို့နဲ့ ဦးတည်ရာ အခြေတကျ တည်ကြည်ခဲ့ပါတယ်။

“ငြိမ်းချမ်းရေးအတွက်... တိုက်ပွဲရှိရမယ်...
နီတဲ့သွေး ရဲရင့်လို့...
ရန်သူ မင်းရှေ့ကို... ချီတက်ခဲ့ပြီ...”

'ငြိမ်းချမ်းရေးတိုက်ပွဲ' မူရင်းစာသားတွေဟာ... မြေပေါ်မှာ သီကြွေးလို့မရ၊ 'လွန်ခဲ့သောနေ့' အရေခွံအောက် သိုဝှက်ထားရတိုင်း နာကြည်းစိတ်အပြည့်နဲ့... 
မြေအောက်ကနေ လူငယ့်ရင်ထဲ အရောက်လျှိုးလာရတဲ့အခါ ပိုမိုလို့ပင် ခမ်းနားကြီးကျယ်... စိတ်အယူ နှလုံးသွေးကို ပူနွေးစေ လွှမ်းမိုးလေတော့... 

မှုံသီသော ကြယ်ရောင်အောက်က ခြုံတန်းနဲ့ မြက်ပင်ရှည်တို့ဟာ အာရုံပြင်မှာ သက်သေတည်အပ်ရာ မိုးမခပင်တို့အလား မှတ်ထင်ခံစား အသွင်ပြောင်းလဲကြ။

ငါ့ လက်ထဲ တင်းကျပ် ဖက်တွယ် ဆုပ်ကိုင်ထားခဲ့တာ ခြောက်ကြိုးတတ်ထားတဲ့ အေကေ-လေးဆယ့်ခွန်....
ငါ ဦးတည်ရည်မှန်း တိုင်တည် သစ္စာနှံရာ အရပ်ဟာ အရှေ့မြောက်နယ်မြေကွယ်။

ငါဟာ ကြိုးကြာငှက်လို ဆယ်လမွန်ငါးလို ယုံကြည်ချက် သားပေါက်ထွန်းကားဖို့ရာ ဌာနေမှန် မိုးမခတောဆီ ရည်စူးဦးတည်ခဲ့....။ 

ပိတ်သည်းလွန်းတဲ့ မြူငွေ့တွေကြား ဒီကြိုးကြာဟာ ဖြတ်သန်း မပျံနိုင် မြေပြင်ပေါ် ဘုတ်ကနဲ ပြုတ်ကျကာရယ်....

ရေတိမ်ရာ လမ်းမှားဆိုက်ကပ်တဲ့ ဆယ်လမွန်ငါးသဖွယ် ပြူးကျယ်တဲ့ မျက်စေ့အစုံနဲ့ နှလုံးခုန်ချက် ပြင်းထန်ကျယ်၊ ငုံထား မြုံထားတဲ့ တေးတို့နဲ့ အာခံတွင်း တစ်ခုလုံး ချိုမြ စူးရဲနေခဲ့တယ်။

ရန်သူကို ရန်သူလို့ မမေ့ မလျော့ရှိမှု ငါ့ဆီ ကြွင်းကျန်ခြင်းအားဖြင့်သာ ရှင်သန်လိပ်ပြာ လှနိုင်မယ်။

×××××××

Photo - Aung Htet

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာ ဟောင်းများ ဖတ်ရန် -


အော့ဖ်လိုင်း


မဒမ်တူးဆိုး ဖယောင်းရုပ်


ဥသြဆွဲ တေးချင်း

မန္တလေးကို ရောက်ခဲ့တယ်

ဘုရားပေါ်မှာ

လွန်ခဲ့တဲ့ (၁၅) နှစ်

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

ဘာလဲဟဲ့ ရင်ကြားစေ့ရေး

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

ဂိုဂင်နီ